ပဲခူး ၃၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ နံနက် ၁၀ နာရီခွဲ အချိန်က ပဲခူးမြို့နယ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရန် အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman , ဦးမင်းကျော်ဆန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ Pride Myanmar Development (PMD) Co., Ltd မှ Chairman ဦးမင်းကျော်ဆန်းနိုင်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ပဏာမ ရွေးချယ်ထားသည့် မြေနေရာ(၃)ခုအား တင်ပြခဲ့ပြီး လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင် အခွင့်လမ်းပေါ်တွင် မူတည်နေကြောင်း၊ အဓိကအားဖြင့် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ မြေနေရာလိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အိမ်ယာမဲ့များ အိမ်ငှားအဆင့်မှ တိုက်ခန်း ပိုင်ရှင်အဆင့် ရောက်ရှိစေရန် လာရောက်ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ Pride Myanmar Development (PMD) Co., Ltd မှ Chairman ဦးမင်းကျော်စန်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


