ကန်ပိုက်တည် ၉ ဩဂုတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တည်လမ်းပိုင်း၌ သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက တန်ပိုယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်မှုကြောင့် တံတားအမှတ် (၆/၅၆) မှာ တံတား၏ သုံးပုံနှစ်ပုံခန့် နိမ့်ဆင်းကျိုးကျသွားခဲ့ကြောင်း ထိန်မင်း လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
“ဘယ်လိုဖြစ်သွားတယ်ဆိုတာနဲ့ ဘယ်ကားကြောင့် ဖြစ်တယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး၊ ကျွန်တော်တို့ သွားရောက်စစ်ဆေးရာမှာ တွေ့ရှိရတာကတော့ တန်ပိုယာဉ်မောင်းနှင်လို့ ခါးကျိုးကျသွားတာပါ၊ ကားကြီးတွေတော့ ဖြတ်သန်းမောင်းနှင်လို့ မရနိုင်သေးပါဘူး၊ လတ်တလော ကားသေးတွေတော့ မောင်းနှင်ဖြတ်သန်းသွားလာနိုင်ပါတယ်၊ ကားကြီးတွေပါ သွားလာနိုင်အောင် အမြန်ဆုံးပြင်ဆင်သွားမှာပါ၊ ရက်ပိုင်းလောက်တော့ ကြာနိုင်ပါတယ်”ဟု ပေါင်းဆန်းဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက တံတားပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်မည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
အဆိုပါတံတားမှာ မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံကြား ကချင်ပြည်နယ်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရာတွင် အဓိကအသုံးပြုသည့် တံတားတစ်စင်းဖြစ်ကာ ဇူလိုင်လ ပထမပတ်က မိုးရေတိုက်စားမှုကြောင့် တံတားကမ်းကပ်ခုံ ရေတိုက်စားပြီး ယာဉ်များသွားလာမှု ပြတ်တောက်ခဲ့ကာ ထိန်မင်းလမ်းဖောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ ပြင်ဆင်ဆောင်ရွက်ထားသည့် တံတားဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


