တံတားဦး ၂၁ အောက်တိုဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ အလှူရှင်မှလှူဒါန်းသည့် ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဇီးပင်ကွေ့ကျေးရွာ ကွန်ကရစ် လမ်းသစ် မုခ်ဦး၌ ကျင်းပခဲ့သည် ။
ကွန်ကရစ်လမ်းသစ် မုဒ်ဦးအား တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် အလှူရှင် ဦးဘိုမောင်-ဒေါ်ယဉ်ယဉ်နုတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကားပြောကြားပြီး အလှူရှင်မှ ကွန်ကရစ်လမ်း လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ အလှူရှင် ဦးဘိုမောင် ဇနီး ဒေါ်ယဉ်ယဉ်နု မိသားစုတို့က လမ်းအရှည် ၈၈၅ ပေ ၊ အကျယ် ၁၄ ပေ ၊ အမြင့် ၆ လက်မ တန်ဖိုးငွေ ကျပ်သိန်းတစ်ရာဖြင့် လှူဒါန်းခဲ့ပါကြောင်း၊ ယင်းအပြင် ကျေးရွာပြည်သူများမှ လမ်းအရှည် ၃၁၂ -ပေ ၊ ကုန်ကျငွေကျပ်(၃၀)၊ စုစုပေါင်းလမ်းအရှည် ၁၁၉၇ ပေ ၊ ကုန်ကျငွေကျပ် သိန်း ၁၃၀ အကုန်အကျခံ ခင်းကျင်းခဲ့သည့် ကွန်ကရစ် လမ်းသစ်ကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည် ။
ရဲတင့် (ပြန်/ဆက်)


