တံတားဦး  ၂၇   စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းဆုံကျေးရွာတွင် သောက်သုံးရေရှားပါးမှုမရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်း လုပ်ငန်းအား ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဇော်ဝင်းထွန်း ကပြောသည်။

 

ချောင်းဆုံကျေးရွာတွင် မြေသားမိုးရေလှောင်ကန် အလျားပေ၁၅၀× အနံပေ၁၂ဝ× အနက်ခြောက်ပေတူးဖော်ခြင်းကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၈ ဒသမ ၆၆ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများမှ တာဝန်ယူ တူးဖော်နေခြင်းဖြစ်သည်။

 

ချောင်းဆုံကျေးရွာတွင် မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၀၅၊ လူဦးရေ ၁၅၇၈ ဦးနှင့် တိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်၌ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ တွင် သောက်သုံးရေရှားပါးမှု မရှိစေရန်ရည်ရွယ်၍ မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်းသုံးခုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေ ၂၅ ဒသမ ၈၂ သန်းဖြင့်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစောဇော်ဝင်းထွန်းက ပြောသည်။

 

 ငြိမ်းသူ