တံတားဦး ၂၃ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မင်္ဂလာမှန်တောင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည် ။
အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်တို့က အားပေးစကား အသီးသီးပြောကြားသည်၊။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ငွေများကို အဆိုပါဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်ကြသည့်ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ရသည့် ရေဘေးသင့် အိမ်ထောင်စုများမှာ အမှတ်(၂) ရပ်ကွက်၌ အိမ်ထောင်စု(၄၂)စု၊ လူဦးရေပေါင်း (၁၄၉) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၁၀ဝ)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၁၂၉၀ဝ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


