တံတားဦး ဒီဇင်ဘာ ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတကမ္ဘောဇဗိမာန်အတွင်း၌ ကျင်းပကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့များက တံတားဦးမြို့ သံဃာ့နာယကဥက္ကဋ္ဌ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တ ကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်မှ အောက်ဆီဂျင်စက်ဖွင့်ပွဲအတွက် အနုမောဓနာတရား ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေစက်သွန်ချ အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များမှ အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်းပြီး အောက်ဆီဂျင်စက်ကို ဖွင့်လှစ်ပေးကြသည်။
အဆိုပါအောက်ဆီဂျင်စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ်စက်အမျိုးအစားပြီး စက်တန်ဖိုးမှာ ငွေကျပ် သိန်းပေါင်း(၈၆၀) ကုန်ကျကြောင်း၊ အောက်ဆီဂျင်စက်ရုံကို အလျား(၅၀)ပေ၊ အနံ(၂၀)ပေနှင့် အမြင့်(၁၂)ပေ တို့ဖြင့် တည်ဆောက်ထားကြောင်း၊ အောက်ဆီဂျင်စက်ရုံမှ တံတားဦးမြို့နယ်အနေဖြင့် နာရီပေါင်း(၂၀)နာရီတွင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံးပေါင်း(၈၀)ကို ထုတ်လုပ်နိုင်ရုံမက ပိုလျှံတဲ့အတွက် အခြားမြို့ရွာများ ကိုလည်း လှူဒါန်းပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာထံမှ သိရသည်။
ရဲတင့်(တံတားဦး)