တံတားဦး ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်တို့က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်အိမ်ထောင်စုများမှာ ပေါက်မြိုင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၄၀)စု၊ မြေငူကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၃၂)စု၊ အမှတ်(၂) ရပ်ကွက်တွင် အိမ်ထောင်စု(၄၂)စု၊ လက်ဆောင်ယူ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၅)စု၊ တပယ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁၁)စု၊ လက်ပန်ဇင်ကျေးရွာအုပ်စုတွင် (၆၇)စု၊ မီးသွေးတိုက်ကျေးရွာအုပ်စုတွင် (၂၈)စု၊ စကားအင်းကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၂)စု၊ ဥတည်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၈၀)စုတို့ဖြစ်ပြီး တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၁၀၀)နှုန်းဖြင့် ရေဘေးသင့်အိမ်ထောင်စု ပေါင်း (၃၄၄)စုအတွက် ထောက်ပံ့ငွေကျပ် (၃၀၃၄၅၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


