တံတားဦး  ဇူလိုင်   ၁၃ 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က   ယနေ့အချိန်အခါသည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းချိန်ဖြစ်သောကြောင့် တောင်သူလယ်သမားများသည် မိမိတို့၏လယ်ယာမြေများတွင် စက်များ  အသုံးပြုပြီး ထွန်ယက် စိုက်ပျိုးလာကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ စက်များကို ငှားရမ်းပြီး တွင်တွင်ကျယ်ကျယ်အသုံးပြု စိုက်ပျိုးလာကြောင်းလည်း တွေ့မြင်လာပါကြောင်း စက်များကို အသုံးပြုသောကြောင့် အချိန်ကုန် သက်သာပြီး လုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်လာကြကြောင်း ပြောကြားပြီး  ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦဇော်ဝင်းနိုင်က စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးရာတွင် လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရှားပါးလာသော လုပ်အားအရင်းအမြစ်များနေရာတွင် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေး၊ ရေသွင်းရေနှုတ်စနစ်ပါရှိသော ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်ဖြင့် သီးနှံများ အထွက်တိုးစေရေး၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုကာကွယ်၍ အချိန်အခါမီ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင်ရေး၊ အလေအလွင့်နည်းပါးစွာဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်၍ အရည်အသွေးကောင်းမွန်သော သီးနှံများရရှိစေပြီး တောင်သူများ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းသည် တောင်သူလယ်သမားများ သားစဉ်မြေးဆက် အကျိုးဖြစ်ထွန်းစေမည့် စက်မှုလယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်  ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအဖြစ် မိမိတို့ဦးစီးဌာနမှ အဓိကကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ရဲတင့်(တံတားဦး)