တံတားဦး စက်တင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၈၂၉)ဧကကို စိုက်ပျိုးထားပြီး ချည်မျှင်ရှည်ဝါများကို ဒေသနှင့်ကိုက်ညီသော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် အပင်သက်တမ်း (၃)လသားကျော်အရွယ်သို့ ရောက်ရှိကာ အပွင့်များ၊ အဖူးများပွင့်ကာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

 

ချည်မျှင်ဝါကို မိုးဝါနှင့် မိုးနှောင်းဝါဟူ၍ နှစ်မျိုးရှိကြောင်း၊ မိုးဝါကို မတ်လနှင့် ဇွန်လတို့တွင် စိုက်ပျိုး၍ မိုးနှောင်းဝါကို တောင်သူများ နှမ်းရိတ်သိမ်းပြီး မြေပြုပြင်ကာ ဇူလိုင်လနှင့်နှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးကြကြောင်း၊ တံတားဦးမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရေးဦးစီးဌာနမှ b-31 ဝါမျိုး (၆၇)ဧက၊ Raka ဝါမျိုး (၁၀၀)ဧကနှင့် ရွှေတောင်(၁၀) ဝါမျိုး(၆၆၂)ဧက စိုက်ပျိုးထားကြောင်း၊ ဝါစိုက်ပျိုးရာတွင် တစ်ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခနှင့် ဆေးအသုံးပြုကုန်ကျစရိတ် အပါအဝင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၂၅၀၀၀၀ နီးပါးရှိကြောင်း၊ စိုက်ပျိုးပြီး အပင်သက်တမ်း (၄)လအကြာတွင် (မကြာမီ) စတင်ကောက်ယူရရှိတော့မည်ဖြစ်၍ အနည်းဆုံး (၅)ကြိမ်မှ (၇)ကြိမ်အထိ ကောက်ယူနိုင်ကြောင်း၊ B-31 ဝါနှင့် Raka ဝါတို့အနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန်ပျမ်းမျှ ပိဿာချိန်(၇၀၀)ကျော် ထွက်ရှိပြီး ရွှေတောင်(၁၀)ဝါအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန်ပျမ်းမျှ ပိဿာချိန်(၅၀၀)ကျော် အကြားအထိ ထွက်ရှိနိုင်ကြောင်း၊ ယမန်နှစ် ဝါတစ်ပိဿာအနည်းဆုံး ငွေကျပ်(၁၅၀၀)မှ အမြင့်ဆုံး(၃၉၀၀)ကျပ်အထိ ရောင်ချခဲ့ရပြီး ယခုနှစ်တွင်လည်း ဝါဈေးကောင်းရရှိရန်အတွက် မျှော်လင့်လျက်ရှိကြောင်း ဝါစိုက်တောင်သူ ငါးဇင်ရိုင်ကျေးရွာ တောင်သူ ဦးဇော်ထူးထံမှ သိရသည်။

 

ဦးရဲတင့်(ပြန်/ဆက်)