တံတားဦး၊  ၄  ဇွန်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမတွင် ပန်းခင်းစီမံချက်အကြောင်း  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က လူတိုင်းလူတိုင်း အရွယ်ရောက်လာလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သင့်ပါကြောင်း၊ ပြုလုပ်ရန်လည်း လိုအပ်ပါကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားသည် လူတိုင်းအတွက် အရေးကြီးပါကြောင်းနှင့် ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လဝကမှူး ဦးနေဝင်းက ပန်းခင်းစီမံချက်အကြောင်း ဆွေးနွေးရာတွင် ရပ်ကွက်နှင့်ကျေးရွာများမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလည်းမရှိ၊ လက်ရှိနေထိုင်ရာဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလည်းမရှိသူများအား ဆောင်ရွက်ပေးခြင်း ဒါ့အပြင် တံတားဦးမြို့နယ်အနေဖြင့်  အသက်(၁၆)နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၉၃၁၄)ဦးအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက်၊ ကျေးရွာများအရောက်ကွင်းဆင်းပြီး ပန်းခင်းစီမံချက်ကို (၁၈) လကြာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)