တံတားဦး  ၁၈   မေ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေကောင်းရရှိသဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေကြောင်း သရက်ချဉ်လုပ်ကိုင်သူထံမှ သိရသည်။

 

ယနေ့အချိန်သည့် နေရာအနှံ့အပြားတွင် သရက်သီးလှိုင်လှိုင်ပေါသော အချိန်ဖြစ်သည်နှင့်အညီ  စိန်တလုံးသရက်နှင့် ဟင်္သာသရက်သီးများကို မူဆယ်မြို့နှင့်တရုတ်ပြည်သို့  အဓိက တင်ပို့ရောင်းချလျက်ရှိပါကြောင်း သရက်သီးများကို ပြည်တွင်းဈေးကွက်အနေဖြင့် မန္တလေးမှတစ်ဆင့် မြန်မာပြည် အနယ်နယ်အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ နိုင်ငံခြားဈေးကွက်နှင့် ပြည်တွင်းဈေးကွက်တို့တွင် ရောင်းချမရသည့် သရက်သီးများကို သရက်ချဉ်အဖြစ်အသုံးပြုကြသည်။

 

“ကျွန်မတို့ သရက်ချဉ်လုပ်ငန်း အသုံးပြုဖို့အတွက် သရက်သီးအကြမ်းတစ်တင်းကို ငွေကျပ်(၃၀ဝ၀)ကျပ် ရင်ကွဲ သရက်သီးတစ်တင်းကို(၂၀ဝ၀)ကျပ်နဲ့ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်ဖို့ အကောင်းဆုံး သရက်သီးကတော့ ပန်းဘင်္ဂလား(ခေါ်)ဝါဆိုသရက်သီးဖြစ်ပါတယ်။ အများအားဖြင့်(၃၃၀ဝ)ကျပ် အလုံးလှရင်တစ်တင်းကို (၃၅၀ဝ)ကျပ်အထိ ပေးဝယ်ရပါတယ်၊ သရက်သီးတွေကို အလုပ်သမား ၅၀ ကျော်နဲ့ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်၊ တစ်ဦးကို သရက်သီးအလုံး (၁၀ဝ)ခုတ်ပြီး လုပ်အားခ ငွေကျပ်(၇၀ဝ)ပေးချေရပါတယ်၊ အလုပ်သမားတစ်ဦးကို တစ်နေ့ သရက်သီး အလုံးရေ(၇၀ဝ)ကျော် ပြီးပါတယ်၊ ယခင်နှစ် ခုတ်ပြီးသရက်ချဉ်တွေကို စဉ့်အိုးအကြီးမှာ ဖိသိပ်ထားပြီး ယခုနှစ် စားသုံးရန်အသင့် ထုပ်ပိုးမှုဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချရပါတယ်” ဟု  တံတားဦးမြို့နယ် ဈေးချိုကျေးရွာ ကုက္ကိုရိပ် သရက်ချဉ် လုပ်ငန်းပိုင်ရှင် ဒေါ်ခင်မိုးရီထံက ပြောသည်။

 

ယခုလို သရက်ချဉ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိရပ်ကွက်အတွင်းရှိ  ပြည်သူများ ဝင်ငွေကောင်းရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)