တံတားဦး စက်တင်ဘာ ၁၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို စက်တင်ဘာ ၁၂ ရက်နံနက် (၁၀)နာရီက ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က မသန်စွမ်းသူများသည် မသန်ပေမဲ့ စွမ်းသူများဖြစ်ကြောင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့ ပေါင်းစည်း နေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက် ပေးရန်လိုကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်းအခွင့်အရေးဆိုင်ရာ အကြောင်း ပြောကြားရာတွင်  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်လူဦးရေ  ၅၁ ဒသမ ၄ သန်းရှိပြီး မသန်စွမ်းသူ ၂၃ သိန်းရှိကြောင်း၊ ကိုယ်အင်္ဂါမသန်းစွမ်းသူများ၊ အကြောအာရုံ မသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူများ ရှိကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်ပြီး အခွင့်အရေးများ ဖော်ဆောင်ရန်အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် လက်မှတ်ရေးထိုးထားပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ပါကြောင်း၊ မသန်စွမ်းသူများမှာ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသော နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ ပေါင်းစည်း ပါဝင်ရေး အကြောင်းပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသောကလေးများအတွက် လူတိုင်းအကျုံးဝင်စေရေး ပညာရေးစနစ်ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊ အမြင်အာရုံချို့တဲ့သူများတွက် အထူးပညာရေး ကျောင်း ဖွင့်လှစ်ရန် လျာထားလျက်ရှိပါကြောင်း၊ နားမကြားသူများနှင့် ဆက်သွယ်မှုလွယ်ကူရန် သင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသောကလေးများ ကျောင်း(၁)ကျောင်းနှင့် မသန်စွမ်းသက်ငယ်သင်တန်း ကျောင်း (၁)ကျောင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)