တံတားဦး ၉  ဒီဇင်ဘာ

 

တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အစားအသောက်များဘေးကင်းလုံခြုံရေး စီမံကိန်း(Food Safety Project) လုပ်ငန်းဖြစ်သော တိုင်းရင်းကြက် မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက တံတားဦးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က အမှာစကား အသီးသီးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသိန်းနိုင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားရာတွင် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းကို ဤမြို့နယ် အနေဖြင့် စံပြကောင်းမွန်သောမွေးမြူရေးစနစ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ဒါ့အပြင် ထွက်ရှိလာ သောကြက်သားများကို ဘေးကင်းပြီး လုံခြုံစိတ်ချစွာစားသုံးနိုင်ပါကြောင်း၊ အစားအသောက်များ ဘေးကင်း လုံခြုံရေးအတွက်  ထောက်ခံချက်များပေးနိုင်သော ကြက်သား နမူနာကို ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပြီး အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းကာလမှာနေ့စဉ် နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရဲတင့်ပြန်/ဆက်