တွံတေး၊ ၇ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အိုးဘိုဈေးလေး အတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန်မြှင့်တင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အေအဆင့်ရသော ဈေးဆိုင်များ ပြန်လည်ခွင့်ပြုနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီက အဆိုပါဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့၌ ပြုလုပ်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ကျန်းမာရေး ဝန်ထမ်းများက အိုးဘိုဈေးလေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းနှင့် မျက်နှာအကာအကွယ်များ ဝတ်ဆင်ရေး၊ ဈေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဈေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင်ကာကွယ်ရေးက ပိုမိုထိရောက် ကြောင်းတို့ကို လက်ကိုင်စပီကာဖြင့် အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခြင်းနှင့် ဈေးဆိုင်များ အေအဆင့်ရရှိရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများက လိုက်လံကွင်းဆင်း စစ်ဆေးပြောကြားခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)