တွံတေး ၁၆ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူသိရှိနိုင်ရေး ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများအား ပြည်သူများ ထည်ထည်ဝင့်ဝင့်သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများပြသခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာများ ပါဝင်သော UNESCO မှ ပေးပို့လာသော ကိုဗစ်−၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူများ သိရှိလေ့လာနိုင်ပြီး လိုက်နာဆောင်ရွက်စေရန် ပြသဆောင်ရွက်ခဲ့သည်။
မြို့နယ် (ပြန်/ဆက်)


