တွံတေး    သြဂုတ်   ၁၅

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း အလှူရှင်များမှ လှူဒါန်းထားသည့် ပထမဆုံး အများပြည်သူပိုင် အောက်ဆီဂျင်စက်ရုံကို တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်း ရှိစိတ္တသုခလူမှုကူညီရေးအသင်းရုံးတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်များ ထုတ်လုပ်ပေးနေပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် 20m3/Hr Oxygen Plant ဖြစ်ကာ သြဂုတ် ၆ ရက် ကစတင်ရောက်ရှိပြီး သြဂုတ် ၉ ရက် နံနက်မှ စတင်ကာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ စက်ကိုစမ်းသပ်ခဲ့ရာ Medical Use-Oxygen Level (97) ရာခိုင်နှုန်းကျော်ရရှိကာ စက်အစိတ်အပိုင်း အားလုံးမှာ Automatic System ဖြစ်ကြောင်းသိရသည်။

 အောက်ဆီဂျင်စက်မှာ ကွန်တင်နာမိုဘိုင်းရွေ့ပြောင်းရ လွယ်ကူသောစက်ပုံစံဖြစ်ပြီး စက်တန်ဖိုးမှာ ကျပ်သိန်း ၉၀၀ ကျော်ရှိကြောင်း၊ မီးစက်မှာ ကျပ်သိန်း ၃၀၀ ခန့်နှင့် လျှပ်စစ်မီးအတွက် ထရမ်စဖော်မာမှာ ကျပ်သိန်း ၂၀၀ ခန့်ကုန်ကျခဲ့ကြောင်းသိရသည်။

အောက်ဆီဂျင်စက်ရုံဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ တာဝန်ရှိသူကလည်း “ ကျွန်တော်တို့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာထဲက အောက်ဆီဂျင်လိုအပ်မယ်လို FEVER CLINIC ဖျားနာကုဆေးခန်းမှ ဒေါက်တာ ဖြိုးသီဟ၊ လက်ထောက်ကထိက၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ အရေးပေါ်ကုသမှုဆေးပညာဌာနက ကြိုတင်ခန့်မှန်းသုံးသပ်ချက်နဲ့ ဒုတိယလှိုင်းမှာထဲက အောက်ဆီဂျင်လိုအပ်လာရင် သုံးဖို့ဆိုပြီး အောက်ဆီဂျင် ၄၀ လီတာအိုး ၁၅၀ ၊ ၁၅ လီတာအိုး ၁၅၀  စုစုပေါင်းအလုံး ၃၀၀ ကို အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့် ဖြည့်တင်းခဲ့ပါတယ်။ အောက်ဆီဂျင် ဖြည့်တင်းအိုးတွေ သယ်ဆောင်ဖို့ ၁၀ပေ ကားတစ်စီး ကိုလည်း  စုပေါင်းအားနဲ့ဝယ်ခဲ့တယ်။ စက်ရုံဖြစ်ဖို့ ဒုတိယလှိုင်းထဲက ကြိုးစားခဲ့တာပါ၊ အခက်အခဲ အမျိုးမျိုးရှိလို့ မအောင်မြင်ခဲ့ပါဘူး၊ နောက်က လိုက်မယ့်အလှူရှင်အားနည်းသွားတာရယ်၊ မြေနေရာ အခက်အခဲကြောင့် အကောင်အထည်မဖော်ခဲ့ခြင်းဖြစ်ပါတယ်။

 

20210

 

အခုတတိယလှိုင်း ရောက်တဲ့အခါမှာ မထင်မှတ်ဘဲ အောက်ဆီဂျင်တွေ အရမ်းလိုအပ်လာတယ်။ အရင် ကျပ်သိန်း ၃၀၀ အလှူရှင်ကလည်း ငွေထုတ်ရတာ အခက်အခဲရှိလို့ သူမှာရှိတဲ့ ကျပ်သိန်း ၁၀၀ ကို လှူပေးတယ်။ တစ်ဦးက ကျပ်သိန်း ၅၀၀ လှူတယ်။ ကျွန်တော်အဖေနဲ့အမေက ကျပ်သိန်း ၅၀ လှူ ပေးတယ်၊  ကျပ်သိန်း ၆၅၀ နဲ့ လုပ်ငန်းစပြီး စက်ဝယ်ဖို့ စက်ဝယ်ပေးမယ့် Hein Engineering Co.Ltd ကလည်း ကျပ်သိန်း ၂၀၀ လှူပေးပါတယ်။ စက်အမြန်ရအောင်လည်း မှာယူပေးခဲ့တယ်။ ကျပ်သိန်း ၈၅၀ နဲ့ စဝယ်တယ်၊ စက်ရတဲ့အချိန်မှာ ကျွန်တော်တို့  စိတ္တသုခလူမှု ကူညီရေး Post ကနေ အလှူခံလိုက် တယ်။ မြို့သူ၊ မြို့သားတွေ၊ ပြင်ပကအလှူရှင်တွေ လှူကြပါတယ်။ အောက်ဆီဂျင် အရမ်းခက်ခဲရှိ တဲ့အချိန်မှာ စက်အမြန်ရရှိရေး အလှူရှင်များက ဆန္ဒပြင်းပြလာပြီး လှူကြတယ်။ စက်ဝယ်ဖို့ ငွေပြည့် သွားလို အလှူခံရပ်ဆိုင်းလိုက်ပါတယ်။ စက်က ရက်၂၀ လောက်နဲ့ ရောက်လာဖို့ နာယကကြီး ဦးအေးစိုးက လိုအပ်ငွေကို ထုတ်ပေးပြီး Hein Engineering Co.Ltd နဲ့ချိတ်ဆက်ကာ စက်ကို သင်္ဘောပေါ် တင်တယ်၊ ရန်ကုန်အမြန်ရောက်အောင် စီမံဆောင်ရွက်ပေးခဲ့ပါတယ်။

မြို့နယ်အဖွဲ့အစည်းတွေအကုန်လုံးကလည်း လိုအပ်ချက်တွေ ဝိုင်းကူကြတယ်။ လျှပ်စစ်ဆိုရင် EPC က မီးရရှိရေး ချက်ချင်းထရမ်စဖော်မာ ရအောင်လုပ်ပေးပြီး ဆင်ပေးတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကလည်းမြေနေရာရရှိအောင် ချက်ချင်းဆောင်ရွက်ပေးပြီးအခက်အခဲမရှိအောင်သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးပါတယ်။အောက်ဆီဂျင်စက်ရုံကို အခုချိန်မှာ သူများထက်စောပြီး ရရှိကာ အောက်ဆီဂျင်ကို ထုတ်ပေးနိုင်နေပြီဖြစ်ပါတယ်။ စက်က တရုတ်နိုင်ငံထုတ်ပါ။ 20m3/Hr ဖြစ်ပြီး သူရဲ့ပုံမှန်ထုတ်နှုန်းက တစ်နေ့ကို ၄၀ လီတာအိုးအလုံး  ၈၀ ထွက်တယ်။

တစ်နာရီကို အနည်းဆုံး ၄၀ လီတာအိုး(၅)လုံးလောက်ထွက်တာ တွေ့ရတယ်။  စက်ကြံခိုင်မှုရှိစေရန် ၈ နာရီမောင်း တစ်နာရီနား စနစ်နဲ့ အခုချိန်မှာ ဆောင်ရွက်နေပါတယ်။ မြို့သူ၊ မြို့သားများအတွက် အောက်ဆီဂျင် လိုအပ်ချက်ကို ကျွန်တော်တို့ မြို့နယ်ခွဲတမ်း ရန်ကုန်ကနေ တစ်နေ့ကို ၄၀လီတာအိုး ၃၀ မှ ၄၀ လောက်ရတယ်။ စက်ရုံလည်ပတ်နေပေမယ့် မြို့နယ်ခွဲတမ်းကိုမရပ်ဘဲခွဲတမ်းထုတ်ပြီး စိတ္တသုခ လူမှုကူညီရေးအသင်း ကနေပြီး ဆေးရုံမှ လူနာများ၊ ပြင်ပမှအောက်ဆီဂျင်ရှူသူများကို ၁၀ လီတာ၊ ၁၅ လီတာ၊ ၂၀ လီတာအိုးတွေကို ဖြည့်တင်းပေးလျက်ရှိပါတယ်။

တွံတေးမှာ အောက်ဆီဂျင်စက်လည်ပတ်နေပြီး ပတ်ဝန်းကျင်အသင်းတွေ၊ မြို့ပေါ်အသင်းတွေ၊ ထိစပ် မြို့နယ်အသင်းတွေအပြင် ကျိုက်လပ်၊ မအူပင်၊ ဖျာပုံ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို မြို့နယ်များကို ၄၀ လီတာအိုးတွေ ဖြည့်ပေးနေတယ်။ ရန်ကုန်မှာ ဖြည့်တင်းဖို့ အခက်အခဲရှိတာမို့ ကျွန်တော်တို့ဆီကနေ ဖြည့်တင်းဆောင်ရွက်ပေးနေတာပါ။ ပြင်ပအိုးတွေကို အခုချိန်မှာ စျေးနှုန်းချိုသာ စွာနဲ့  ၄၀ လီတာကို ကျပ် ၈၀၀၀၊  ၂၀ လီတာကို ကျပ် ၄၀၀၀၊ ၁၅ လီတာကို ကျပ် ၃၀၀၀၊ ၁၀ လီတာကို ကျပ် ၂၀၀၀ နဲ့ ဖြည့်တင်းဆောင်ရွက်ပေးနေပါတယ်။ ဆေးရုံမှာတက်နေရင် အောက်ဆီဂျင်ရှူဖို့ အခက် အခဲရှိရင် အလှူငွေလည်းမထည့်နိုင်ဘူးဆိုရင် ကျွန်တော်တို့က အခမဲ့ဆောင်ရွက်ပေးပါတယ်။ အောက်ဆီဂျင်အရမ်းလိုအပ်ချိန်တုန်းက ကျွန်တော်တို့ အောက်ဆီဂျင်ရရှိရေး တနင်္သာရီတိုင်း၊ ရနောင်း၊ ဘိတ်၊ ပေါက်၊ ပြည်၊ မန္တလေး၊ ပြင်ဦးလွင်ထိသွားပြီး တစ်နေ့လျှင် ၅ လုံးပဲရရ၊ ၁၀ လုံးပဲရရ EXPRESS ကားနဲ့ ရန်ကုန်တင်ပြီး တစ်ဆင့် တွံတေးသယ်ရတယ်။ အောက်ဆီဂျင်ရအောင် အသင်းအနေနဲ့ တော်တော်ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရတယ်။ အခုဆိုရင် စိတ္တသုခအမြဲတမ်း အဖွဲ့ဝင် ၃၀ ဖြင့် လုပ်ငန်း ဆောင်ရွက်နေပါတယ်။ ကိုဗစ်- ၁၉ တတိယလှိုင်းကာလမှာ ကျွန်တော်တို့ အသင်းအနေနဲ့ အဓိက လုပ်ငန်းလေးခုကို လုပ်ဆောင်နေပါတယ်။

၁။ အောက်ဆီဂျင်ဖြန့်ဝေခြင်း၊ ၂။ ပိုးတွေ့အတည်ပြုလူနာ သယ်ယူပို့ဆောင်ခြင်း၊ ၃။ ဆေးရုံကို အောက်ဆီဂျင် အပြည့်အဝရရှိအောင် ဖြည့်တင်းပေးခြင်း၊ ၄။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့က ပိုးတွေ့အတည်ပြုလူနာတွေအတွက်မနက်၊ ညထမင်းကျွေးတာကို ကျွန်တော်တို့ အသင်းကနေ နေ့စဉ်ချက်ပြုတ်ပေးခြင်းဆိုတဲ့လုပ်ငန်းလေးခု၏ ကိုတစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာက အပြင်ထွတ်ရင် mask စနစ်တကျတပ်ပါ၊ မလိုအပ်ဘဲအပြင်မထွတ်ပါနဲ့၊ အပြင်သွားပြီး တိုင်းလက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် လက်ဆေးကဗျာအတိုင်းဆေးပါ၊ အစာများများစားပါ၊ အိပ်ရေးဝဝအိပ်ပါ လိုပြောချင်ပါတယ်”ဟု တွံတေးမြို့နယ် စိတ္တသုခလူမှုကူညီရေး အသင်းဥက္ကဋ္ဌ၊ အောက်ဆီဂျင်စက်ရုံတာဝန်ခံ ဦးဖြိုးကိုကိုရွှေက ပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပထမဆုံးသောအလှူရှင်များမှ လှူဒါန်းထား သည့်အများပြည်သူပိုင်အောက်ဆီဂျင်စက်ရုံဖွင့်လှစ်လည်ပတ်နိုင်သည့်အတွက်ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ရုံးမှ အများပြည်သူအသုံးပြုနိုင်ရန်အောက်ဆီဂျင်စက်ရုံ(တွံတေးမြို့)သို့ Oxygen ၄၀ လီတာအိုး အလုံး ၅၀ကို လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ် ပြန်/ ဆက်