တွံတေး၊ ၂၈   မေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မြင့်က ကျောင်းအပ်နှံရေးနေ့ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးဝင်းမြင့်က ကျောင်းအပ်နှံခြင်းနှင့် မိဘ၊ ဆရာ၊ ကျောင်းသားဆိုင်ရာများ ဆွေးနွေးပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် တွံတေးမြို့နယ်၌ ထက်၊လယ်၊မူ ကျောင်းသား(၄၀၀၀၀) ကျော်ရှိကြောင်း၊ ယခုပညာရေးသည်  အခမဲ့ပညာရေးဖြစ်ကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစအုပ်၊ ဘောပင်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများနဲ့ ကိုဗစ်-၁၉ရောဂါ ကာလဖြစ်တဲ့အတွက် ရောဂါကာကွယ်ရေး ပစ္စည်းများကိုလည်း နိုင်ငံတော်မှ  ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းကို ကျောင်းသား/သူများနဲ့ ကျောင်းသားမိဘများ သိရှိအောင် ဆရာ၊ ဆရာမများမှ ရှင်းပြပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ယခုကျောင်း ဖွင့်ရက်ကာလမှာလည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း လိုအပ်သလို ဆရာ၊ဆရာမများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ကျောင်းအပ်နှံရေးကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)