တွံတေး ဖေဖော်ဝါရီ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစားစိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖွင့်လှစ်သင်ကြားမည့် သင်တန်းများမှာ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို စသည့် အားကစားနည်း သင်တန်းများကို သင်တန်းနည်းပြဆရာများမှ မတ်လ (၁၀)ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ မြို့မအားကစားကွင်း၊ ဗိုလ်မှူးအောင်ဆန်း သူရိယအေးချိုခန်းမနှင့် (ခ)အဆင့် အားကစားရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မိမိတက်ရောက်လိုသည့် သင်တန်းများအား ၀၉-၇၉၈၂၉၀၀၆၂ သို့ ဖုန်းဖြင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

တွံတေးသား