တွံတေး ၁၃ ဧပြီ
နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းငါးမျိုး ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အိမ်တိုင်ရာရောက် သွားရောက်ကာ ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅)အုပ်စု များတွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၄၂၁၇၉)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင်ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့်ကြက်သွန်(၁)ပိဿာ စုစုပေါင်း ထောက်ပံ့ရေးပစ္စည်း (၅)မျိုးစီကို အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိူင်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိူင်ဦး၊ မြို့နယ်တာဝန် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဖွဲ့မှ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အဖွဲ့များခွဲကာ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၅)အုပ်စုတို့တွင် ပုံမှန် ဝင် ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၄၂၁၇၉)စုရှိပြီး အိမ်ထောင်စုဝင် (၁၆၉၇၀၆)ဦးအတွက် ဆန်(၁၄၁၅၉ အိတ်နှင့် ၁၆ပြည်)၊ ဆီ (၂၁၀၈၉.၅) ပိသာ၊ ပဲ (၄၂၁၇၉)ပိသာ၊ ဆား (၂၁၀၈၉.၅) ပိသာ၊ ကြက်သွန်နီ (၄၂၁၇၉)ပိသာကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ပထမနေ့အဖြစ် မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈)အုပ်စုတို့ကို စတင်ကာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် အခြေခံ စားသောက်ကုန် ပစ္စည်းငါးမျိုး ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများကိုလည်း ဆက်လက်ကာ ထောက်ပံ့ပေးအပ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင် တွံတေး


