တွံတေး ၁၀ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာ၊ ခတ္ထိယတိုက်နယ် ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာ ယခုဖွင့်လှစ်ပေးလိုက်သော တိုက်နယ်ဆေးရုံတွင် ဒေသခံပြည်သူတွေရော ဆေးရုံဝန်ထမ်းတွေပါ အသုံးပြုနိုင်ရန် တန်ဖိုးကြီးသည့် ဆေးရုံသုံးပစ္စည်းများ၊ ပရိဘောဂများကိုလည်း ဖြည့်ဆည်းပေးထားပါကြောင်း ဆေးရုံဝန်ထမ်းအင်အား အနေဖြင့် လိုအပ်လျှက်ရှိသော သူနာပြုဆရာမ၊ ဓာတ်ခွဲကျွမ်းကျင် ၊သားဖွားဆရာမ ဝန်ထမ်းများကို အမြန်ဆုံးချထားပေးသွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူများ၏ ကျန်းမာရေး စောင့် ရှောက်မှုများအပေါ် မြို့ပေါ်ရော ကျေးလက်ပါ တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိရာ ဆေးရုံဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာနှင့် ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ပြီး ရရှိလာသော ဆေးရုံသစ်ကြီးနှင့် ဆေးရုံသုံးပစ္စည်းများကို တန်ဖိုးထား သုံးစွဲကြဖို့ အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက အီးစီဂျီစက်၊ အောက်စီဂျင်အိုး၊ အောက်စီဂျင်တိုင်းကိရိယာနှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ပေးအပ်လှူဒါန်းခဲ့ သည်။ ယင်းနောက် ဆေးရုံသစ်အတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါ ဆေးရုံသို့ အနီးအနားရှိ ထန်းတပင် ၊ညောင်တုန်း ၊ မအူပင် မြိူ့နယ်များရှိကျေးရွာ ၅၀ ကျော်မှ လူဦးရေ ၄၅,ဝ၀ဝ ခန့်ကို ဆေးကုသဝန်ဆောင်မှုများပေးနေပါကြောင်းနှင့် ဆေးရုံအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုဘဏ္ဍာငွေကျပ် ၆၄၃,၄၀ဝ,ဝဝဝ ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးမှူး ဒေါက်တာ မျိုးဇော်လှ၏ ပြောပြချက်အရ သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)