ရန်ကုန် ၊ ၂ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီအစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် တွံ့တေးမြို့နယ် ၊ မယ်ပြေကျွန်း ဓာတ်အားခွဲရုံဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက အဆိုပါ ဓာတ်အားခွဲရုံ၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ယခုဖွင့်လှစ်မည့် တွံ့တေးမြို့နယ်၊ မယ်ပြေကျွန်း ဓာတ်အားခွဲရုံအပါအဝင် 33/11 KV, 5 MVA ဓာတ်အားခွဲရုံသစ် (၁၃)ရုံ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း ၊ တွံ့တေးမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပြီး မယ်ပြေကျွန်း ဓာတ်အားခွဲရုံကြီး ဖြစ်မြောက်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ပေ ၁၂၇၀ ခန့်ကျယ်သည့် တိုးမြစ်ကို အခက်အခဲများစွာဖြင့် ကျော်ဖြတ်ပြီး တည်ဆောက်တပ်ဆင်ခဲ့ရကြောင်း၊ တွံတေး မြို့နယ် တွင် 33/11KV, 5MVA မယ်ပြေကျွန်း ဓာတ်အားခွဲရုံအပါအဝင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁ လိုင်း ၁၁ . ၂၅ မိုင် ၁၁ ကေဗွီဓာတ်အားလိုင်း ၂ လိုင်း ၁၇. ၃၅မိုင် ၊ ဓာတ်အား ဖြန့်ဖြူးရေးထရန်စဖော်မာ (၈)လုံး တို့အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၂၀၃၈ . ၃၉ သန်း အသုံးပြု၍ တိုးချဲ့တည်ဆောက်ပေး ခဲ့ပြီး ကျေးရွာပေါင်း ၈ ရွာ ၊ အိမ်ထောင်စုပေါင်း ၁၂၅၅ စုထပ်မံ ဓာတ်အားရရှိမှာဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ ရေရှည်ကောင်းမွန်ပြီး မပျက်စီးအောင် ဝိုင်းဝန်းစောင့်ရှောက်ပေးရန်ပြောကြားသည်။
ယင်းနောက်တွံ့တေးမြို့နယ် 33/11 kV, 5 MVA မယ်ပြေကျွန်းဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများက ဓာတ်အားခွဲရုကမ္ဗည်း ကျောက်စာမော်ကွန်းအား အမွှေးနံ့သာများပက်ဖျန်းကာဓာတ်အား ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)


