တွံတေး ဒီဇင်ဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မအူပင်- တွံတေးလမ်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဇီးဖြူကုန်းတံတားနှင့် တကလှဲ့တံတားများ တည်ဆောက်ရာတွင် မလွတ်ကင်း၍ ပါဝင်သွားသော မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌​ တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများအား တောင်သူများကို လျော်ကြေးငွေများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တွံတေးမြို့နယ် မအူပင်-တွံတေး ကားလမ်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဇီးဖြူကုန်းတံတားနှင့် တကလှဲ့တံတားများ တည်ဆောက်ရာတွင် မလွတ်ကင်း၍ ပါဝင်သွားသော တောင်သူ(၁၂)ဦးပိုင် မြေဧက (၂ ဒသမ ၈၀)အတွက် လျော်ကြေးငွေကျပ်သန်း (၇၀)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းက ပေးချေခဲ့ပြီး ကျန်ရှိနေသော  မြေပေါ်ရှိ တောင်သူ(၆)ဦး၏ သီးနှံလျော်ကြေးငွေ စုစုပေါင်း (၄ ဒသမ ၈၁၀)သန်းနှင့် လှိုင်သာယာ-တွံတေး ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေယာများအတွက် စိစစ်ပြီးဖြစ်သော မြေယာ (၅)ဧကအတွက် ကျသင့်ငွေကျပ်သန်း (၅၀)ကို ပေးချေနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လမ်းဦးဌာနမှ တာဝန်ရှိသူများ၊ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးရရှိသော ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တွံတေးသား