တွံတေး ၃ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ မိုင်(၂၀) အရှေ့ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က တွံတေးတူးမြောင်း ရေဆွယ်ထိုးမှုနှင့် ဒီရေအတက်အကျကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တွံတေးတူးမြောင်း ကမ်းပါးပြိုကျရာတွင် အလျားပေ ၂၀၀၊ အနံပေ ၇၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ဖြစ်ပွားသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ကမ်းပါးနှင့် နီးကပ်လျှက်ရှိသည့် နေအိမ်နှစ်လုံးအား ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဖျက်သိမ်း၍ နေအိမ်နှစ်လုံးမှ မိသားစု(၅)ဦးအား ယာယီနေထိုင်ရေးအတွက် ကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရေကင်းချ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


