တွံတေး ၂၂ သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ တွံတေးတူးမြောင်း ကမ်းထိန်းနံရံရေတိုက်စားမှုကြောင့် ယမန်နေ့ည(၂)နာရီတွင် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းထိန်းနံရံသည် ၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျားပေ ၁၀ဝ၀ ခန့်ရှိသော ကမ်းထိန်းနံရံမှာအလျားပေ ၁၅၀၊ အနံပေ ၃၀ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းကမ်းထိန်းနံရံပြိုကျမှုကြောင်း လူတိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။

ကမ်းပါးပြိုကျသည့် နေရာအား တွံတေးဝကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှရေကင်းစောင့်ကြည့်လျက်ရှိပြီး မြို့နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှသဲအိတ်ဖို့ခြင်းနှင့် ဝါးတုတ်ရိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)