ရန်ကုန် ၊ ၂၄ ဒီဇင်ဘာ 

တွံတေးတူးမြောင်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စနစ်တကျထိန်းသိမ်းရေး၊ ကမ်းပါးတိုက်စားခြင်းနှင့် ရေလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို လာမည့် ၂၀၂၁ ခုနှစ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၇ ဒသမ ၉၄၂ သန်း စုစုပေါင်း ၆၉ ဒသမ ၂၄၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆိုင်ရာ အသေးစိတ်ဒီဇိုင်းများ၊ နေရာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှ သိရသည်။ 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ စီမံကိန်းလုပ်ငန်းသည် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်ခြင်းနှင့်  ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်း ကုန်ကျခံပြီးတော့ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ပါကြောင်း၊ ခန့်မှန်း ၂၀၂၁ မှာ စပြီးတော့  ၂၀၂၆  ဧပြီလမှာ ပြီးစီးမယ်လို့ လေ့လာသိရှိရပါကြောင်း၊ ဒါ့အပြင် ဒလမြို့နယ်၌ အင်မတန်ရှားပါးသော သောက်သုံးရေအတွက် တွံတေးတူးမြောင်းက ရေကို ဖြန့်ဝေမည့် စီမံချက်လည်း ကြိုးစားဆောင်ရွက်နေပါကြောင်း၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ပြီးဆိုပါက သက်ဆိုင်ရာနယ်မြေ၌ရှိသော ပြည်သူလူထုမှာ  စီမံကိန်း၏ အကျိုးကျေးဇူးကို ခံစားရနည်းတူ၊ သဘာဝဘေးအန္တရာယ်၊ နေထိုင်မှုနဲ့ လူမှုအခက်အခဲများ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ဆောင်ရွက်မည့် အစိုးရ၊ ဌာနဆိုင်ရာများက ဥပဒေနှင့်အညီ ပြည်သူလူထုကို  သက်သာကျေနပ်အောင် ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးအောင် ဆောင်ရွက်ပေးလိုပါကြောင်း၊  ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ထို့နောက် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က  “တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်သွားမှာပါ၊ သူတို့ရဲ့အဓိကဦးစားပေးက ရေကြီးရေလျှံမှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်၊   ဒီဘက်မှာလည်း ရေကြီး ရေလျှံမှုတွေ၊ မြစ်ကမ်းပါးပြိုမှုတွေ ဖြစ်ပေါ်တာတွေရှိပါတယ်၊ ဖြစ်တဲ့အနေအထားကို ဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ၊ စီမံကိန်းကာလကို အသေးစိတ်ဒီဇိုင်းရေးဆွဲပြီးတဲ့ကာလမှ စပြီးတော့ တည်ဆောက်တာ ၅ နှစ်ကြာမှာ ဖြစ်ပါတယ်၊ ၂၀၂၆ ခုနှစ်မှာ ပြီးစီးဖို့အတွက် ခန့်မှန်းထားပါတယ်၊ စီမံကိန်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်းဖြစ်ပါတယ်၊ မြန်မာအစိုးရမှ ၇ ဒသမ ၉၄၂ သန်း ထည့်ဝင်ရပါတယ်၊ စီမံခန့်ခွဲမှု မြေယာလျော်ကြေးနဲ့ ပြန်လည်နေရာချထားရေးအတွက် ဖြစ်ပါတယ်၊ အဓိကရည်ရွယ်ချက်က တွံတေးတူးမြောင်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့၊ စနစ်တကျ ထိန်းသိမ်းဖို့၊ ကမ်းပါးတိုက်စားခြင်းနှင့် ရေလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ကာကွယ်ရန်ဖြစ်ပါတယ်” ဟု တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆိုင်ရာ လျာထားသော အသေးစိတ်ဒီဇိုင်းများ၊ နေရာများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ 


တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ကမ်းထိန်းလုပ်ငန်း၊ ကမ်းပြိုမှုကာကွယ်ခြင်း၊ တာရိုး+ ကမ်းထိန်းနံရံ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ခနောင်တိုအပိုင်းတွင် ၁၀ ဒသမ ၈၉ ကီလိုမီတာ၊ ဒလအပိုင်းတွင် ၁၀ ဒသမ ၇၂ ကီလိုမီတာ၊ တွံတေးအပိုင်းတွင် ၁၃ ဒသမ ၅၂ ကီလိုမီတာတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေနုတ်မြောင်းလုပ်ငန်း Box Culvert ၁၆ ခု၊ Pipe Culvert ၄၂ ခု၊ ကွန်ကရစ် ရေမြောင်း ၂၀ ဒသမ ၂၄ ကီလိုမီတာ၊ လှေကား ၄၁ ခု၊ တာတမံဖြတ်လမ်း ၇၉ ခု၊ ခနောင်တိုဘက်ခြမ်း၌ ပန်းခြံ ၁ ခုနှင့် Jetty ၂ ခု၊ ဒလဘက်ခြမ်း၌ ပန်းခြံ ၁ ခုနှင့် Jetty ၁ ခု၊ တွံတေးဘက်ခြမ်း၌ ပန်းခြံ ၁ ခုနှင့် Jetty ၁ ခု ပါဝင်မည်ဖြစ်သည်။

တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအနေဖြင့် ဝ မိုင်မှစ၍ ၇ မိုင် တွံတေးကြိုးတံတားအထိ မြစ်ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၆၉ လ (ဒီဇိုင်းရေးဆွဲချိန် ၉ လနှင့် တည်ဆောက်ရေးကာလ ၅ နှစ်) ဖြစ်သည်။ လက်ရှိအချိန်တွင် တွံတေးတူးမြောင်းအတွင်း တစ်နေ့လျှင် သင်္ဘောအစီးရေ ၁၆၇ စီးခန့် ပုံမှန်သွားလာလျက်ရှိသလို ဒေသစက်လှေများလည်း နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ Recource and Environment Myanmar Co., Ltd မှ ဒါရိုက်တာ ဦးကျော်ဇင်ဝင်းက စီမံကိန်း သက်ရောက်မည့် နေရာများတွင် အသေးစိတ်စစ်တမ်း ကောက်ယူမည့် အစီအစဉ်များကို တင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများက အသီးသီးဆွေးနွေးခဲ့ကြသည်။

တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တူးမြောင်းတစ်လျှောက်ရှိ မြေယာဆုံးရှုံးမှု၊ မြေယာပိုင်ဆိုင်မှုအထောက်အထား၊ အဆောက်အဦးများဆုံးရှုံးမှု၊ သီးနှံဆုံးရှုံးမှုနှင့် ဈေးကွက်လေ့လာခြင်းကို အသေးစိတ်တိုင်းတာကွင်းဆင်းခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် တွံတေးမြို့နယ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဒလမြို့နယ်နှင့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင် Recource and Environment Myanmar Co.,Ltd မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်လေ့လာခြင်းနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များကို ရေးဆွဲသွားမည်ဖြစ်ပြီး၊ လျော်ကြေးတွက်ချက်မှု၊ မြေယာပြန်လည်နေရာချထားမှုနှင့် လျော်ကြေးငွေ၊ အသက်မွေးဝမ်းကြောင်း ပြန်လည်နေရာချထားမှု၊ အခြားထောက်ပံ့မှုများကို ရန်ကုန်တိုင်းဒေသကြီး မြေယာလျော်ကြေးနှင့် မြေနေရာချထားရေး ညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)