တန့်ယန်း စက်တင်ဘာ ၂၃

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူးကာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချနိုင်စေရန်၊ ရေအလေအလွင့် ဆုံးရှုံးမှုကို လျှော့ချနိုင်စေရန်၊ ရေအရင်းအမြစ်များ ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို စက်တင်ဘာလ ၂၂ ရက်နေ့က အဆိုပါ ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

 

အခမ်းအနားတွင် တန့်ယန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်း က အဖွင့်အမှာစကားပြောကြားကာ သင်တန်းတွင်ပို့ချမည့် သင်ခန်းစာဘာသာရပ်များအား ရှင်းလင်းပြောကြားပါသည်။

 

အဆိုပါ သင်တန်းတွင် တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာခေါင်းဆောင် ကိုယ်စားလှယ်များတက်ရောက်ကြပြီး သင်တန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက် အအုံများတည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ရေအလေအလွင့်ဆုံးရှုံးမှုကို လျှော့ချခြင်း၊ ရေအရင်းအမြစ်၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသည့် အကြောင်းအရာများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို တန့်ယန်းမြို့နယ်အတွင်းရှိ ပုံဟောင်းခုံ၊ နောင်ဖိုင်၊ ဟိုမန်း၊ ဝိန်းမိုင်၊ နားတပ်၊ ပန်မိုက်ဟုန်း+ဟုန်းတောက်၊ မန်ကတ်၊ နားဆောင်၊ ဖာပျဉ်၊ တုန်ဟုန်း၊ ဟိုနား+ခုံကွက်၊ နမ့်ဖက်တန် စသည့် ကျေးရွာများရွာမှ ကျေးရွာသူ ကျေးရွာ သား(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)