တန့်ယန်း  စက်တင်ဘာ  ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် အထောက်အပံ့ဖြစ်စေရန် လိုအပ်လျက်ရှိသော အောက်စီဂျင် ထုတ်လုပ်နိုင်မည့်  Oxygen Plant ကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အဆောက်အဦတွင် နေရာချထားနိုင်ရေးကို စတင်တပ်ဆင်ဆောင်ရွက်ကြသည်။

 

မြို့နယ်တွင် အဆိုပါ Oxygen Plant ကို ဆရာတော်ကြီးများ၏ ဦးဆောင်မှု၊ တာဝန်ရှိလူကြီးများနှင့် မြို့မိမြို့ဖများ၏ စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဒေသခံ တိုင်ရင်းသား ပြည်သူများ၏ ပူးပေါင်း ပါဝင်လှူဒါန်းမှုတို့ဖြင့် ကော်မတီများဖွဲ့စည်းခြင်း၊ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် Oxygen Plan စက် ထားရှိရန် အဆောက်အဦ ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မူဆယ်မြို့မှတဆင့် အောက်စီဂျင်စက် ရောက်ရှိလာသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးတို့က ပြည်သူ့ဆေးရုံရှိ အဆောက်အဦအတွင်း နေရာချထားနိုင်ရေးကို ဆောင်ရွက်ခဲ့ကြသည်။

           

ယခင်က မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာရှိ အတည်ပြုလူနာများ အသုံးပြုရန်အတွက် အောက်စီဂျင်ကို ပန်ဆန်းမြို့မှလည်းကောင်း၊ လားရှိုးမြို့နယ် ကော်နာစတုန်း သတ္တု သန့်စင်စက်ရုံမှလည်းကောင်း သွားရောက်ယူနေခဲ့ရပြီး ယခု ဆောင်ရွက်လျက်ရှိသော တစ်နာရီလျှင် လီတာ (၄၀) ဆံ့အောက်စီဂျင်အိုး (၄) လုံး ထုတ်လုပ်နိုင်မည့် Oxygen Plant တပ်ဆင်ပြီးစီးပါက အောက်စီဂျင် အလွယ်တကူ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပြီး မကြာမီ Oxygen Plant စက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)