တန့်ယန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း များတွင် လိုအပ်လျှက်ရှိသော အောက်စီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်နှင့် အောက်စီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် စေတနာရှင်အလှူရှင် မိဘပြည်သူများ ပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့သော အောက်စီဂျင် စက် တပ်ဆင်ပြီးစီ၍ စက်ရုံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စက်ရုံ အဆောက်အဦ၌ ပြုလုပ်ခဲ့သည်။
ယင်းနောက် အောက်စီဂျင် စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းခမ်းမန်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်နှင့် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယခုတပ်ဆင်ပြီးစီးသည့် အောက်စီဂျင်စက်သည် အောက်စီဂျင် ၄၀ လီတာအိုး တစ်ရက်လျှင် ၃၆ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ မြို့နယ်ရှိ အောက်စီဂျင်လိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် အခြားပုဂ္ဂလိက လိုအပ်သူများကို ဖြည့်သွင်း ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)