တန့်ယန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် ''ငွေရည်ပုလဲ''ကုမ္ပဏီမှ အလှူငွေ (၅)သိန်းကျပ် အပါအဝင် PPE ဝတ်စုံ (၃၀)စုံ၊ Apron (၅၀၀) စုံ၊ Mask (၅၀၀၀) ခု၊ Face Shield (၃၀၀)ခု၊ ခေါင်းစွပ် (၅၀၀)ခု၊ လက်ဆေးဆပ်ပြာ (၂၄) ဘူး၊ အောက်စီဂျင်တိုင်းစက် (၂)ခု၊ ဆေးဖျန်းပုံး (၂)လုံး၊ ပိုးသတ်ဆေးရည်(၂)ပုံးတို့ကိုလည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (တန့်ယန်း)မှ ပိုးသတ်ဆေး (၃)ပုံးနှင့် ဘူး (၃)ဘူး၊ ကာပိုလစ်ဆပ်ပြာ(၁၂)ဖာ၊ ပိုးသတ်ဆေးဘူးသေး (၈၀)တို့ကို လည်းကောင်း၊ ''တာဝါနိုင်း'' ဆောက်လုပ်ရေးနှင့် အထွေထွေအကျိုးဆောင်ကုမ္ပဏီမှ အပူချိန်တိုင်းကရိယာ (၂)လုံးတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးနှင့် ဒေါက်တာစိုးသန်းထိုက်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


