တန့်ယန်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လမ်းညွှန်ချက်များနှင့်အညီ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်သည်။
အဆိုပါ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများ စတင်ဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ပညာရေးဌာနမှတာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းကို လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းကို လည်းကောင်း လည့်လည်ကြည့်ရှိကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါဝင် အခြေခံပညာကျောင်း စုစုပေါင်း (၁၈၅)ကျောင်းရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


