တန့်ယန်း  နိုဝင်ဘာ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့် အသက်(၁၂)နှစ်နှင့် အထက်  ကျောင်းသား/ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ခြင်းကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိ ကျောင်းအုပ်ကြီးများက ကြီးကြပ်၍ အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးကြရာ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ကျောင်းသူ များအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)