တန့်ယန်း ၂၈ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဘိန်းအစားထိုး သီးနှံအတွက် အထူးအတွက်တိုး အစေ့ထုတ် ပြောင်းမျိုးစေ့နှင့် ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက ဘိန်းအစားထိုး သီးနှံအတွက် ပြောင်းမျိုးစေ့နှင့် ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်စီမံကိန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ အထူးအတွက်တိုး အစေ့ထုတ်ပြောင်းမျိုးစေ့၊ ပုလဲဓါတ်မြေသြဇာ၊ ကွန်ပေါင်းမြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ပေးအပ်ပွဲတွင် နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စုနှင့် ပန်နွဲ့ကျေးရွာအုပ်စု နှစ်စုအတွက် အစေ့ထုတ်ပြောင်း မျိုးစေ့ (၅)အိတ်၊ ပုလဲဓါတ်မြေသြဇာ (၅)အိတ်နှင့် ကွန်ပေါင်းဓါတ်မြေသြဇာ (၆)အိတ် တို့ကိုလည်းကောင်း၊ မိုင်းကျိုင်ကျေးရွာအုပ်စုအတွက် အစေ့ထုတ်ပြောင်းမျိုးစေ့ (၅)အိတ်၊ ပုလဲဓါတ် မြေသြဇာ(၇)အိတ်၊ ကွန်ပေါင်းဓါတ်မြေသြဇာ (၇)အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)