တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ

mdn

တန့်ယန်း  သြဂုတ်  ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် အသင်းအဖွဲ့အစည်းများအား သြဂုတ် ၂ ရက် နံနက် ၉ နာရီမှ စတင်၍ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ခန်းမနှင့် အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမတို့၌ ဆက်လက် ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ရီရီထွေးက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆရာတော် သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် အသင်းအဖွဲ့အစည်းများအား ထိုးနှံပေးကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့ များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် လာရောက်ထိုးနှံသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်းနှင့် စုရပ်ဇုန် နယ်မြေ (၇)ခုတို့တွင် ထိုးနှံပေးနေခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။        

မင်းလွင်ဦး(ပြန်/ဆက်)