တန့်ယန်း  ၆ ဇွန်


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဟွေလုံကျေးရွာနှင့် တောင်သျှိုးကျေးရွာများတွင် ကလေးသူငယ်များ ဝက်သက်ရောဂါဖြစ်နေကြောင်း ကြားသိရသည့်အတွက် အမြန်ဆုံးကွင်းဆင်း၍ စစ်ဆေး/ကုသပေးခြင်းကို ဇွန် ၅ ရက်က ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျေးရွာများသို့ ပြည်နယ်ကူးဆက်ရောဂါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေမျိုးနှင့်အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦး ဦးဆောင်သော ကွင်းဆင်းအဖွဲ့တို့ ပူးပေါင်းကာ လတ်တလော ဝက်သက်ရောဂါဖြစ်ပွားသည့် ကလေးသူငယ်(၁၉)ဦးကို စစ်ဆေး/ကုသပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါ ဟွေလုံကျေးရွာနှင့် တောင်သျှိုးကျေးရွာများရှိ ပြည်သူများအား ပြည်နယ်ကူးစက်ရောဂါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေမျိုး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါအသွင်ဖြစ်ပွားနေမှုအား တုံ့ပြန်သည့်အနေဖြင့် အသက်(၁၅)နှစ်အောက်ရှိ ကလေးသူငယ်အားလုံး ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၇ ရက်တွင် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)