မေတ္တာမိုးနှင်း(ပဲခူး)
မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီတိုင်းတွင် အလှတရားအမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ မြန်မာပြက္ခဒိန်၌ တစ်ဆယ့်နှစ်လရှိရာတွင် တပေါင်းလသည် တစ်ဆယ့်နှစ်လမြောက်ဖြစ်သည်။ အနည်းငယ်ပူပြင်းသော်လည်း တောတောင်၊ ရေမြေသဘာဝမှာ အလှဆုံးဖြစ်သည်။ သာယာဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ကြည်နူးဖွယ်၊ သံဝေဂရဖွယ်တို့ဖြင့် လူသားတို့၏နှလုံးသားကို ဖမ်းယူထား ပေသည်။ ရွက်ဟောင်းကြွေ၍ ဖူးပုရစ် များ ဝေဆာနေသောပင်အိုတို့သည်ပင် လျှင် “ရိုးတံကျဲကျဲ ပင်အိုတို့ xxx အလှ ချင်းလည်းပြိုင်” ဆိုသကဲ့သို့ အလှချင်း ပြိုင်နေသည်ဟု ထင်ရလောက်အောင် လှပပေသည်။ ဥသြငှက်၏ တွန်ကျူးသံမှာလည်း လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းသကဲ့သို့ တစ်ပင်မှတစ်ပင်ကူး၍ မြူးထူးနေကြသော ကျေးငှက်သာရကာ တို့၏အသံကလည်း ရော်ရွက်ကြွေသံနှင့်အတူ မြိုင်ဆိုင်နေပေတော့သည်။ စာဆို နဝဒေးက “သံချိုဥသြ၊ ချစ်ဖော်နှော၍၊ တောလည်းသာခေါင်၊ တောင်လည်း ညိုရစ်၊ မြစ်လည်းသာဘိ၊ တိမ်အိအိနှင့်” ဟု တင်စားရေးဖွဲ့ခဲ့သည်။
တပေါင်းလ
တပေါင်းဟူသောအမည်ကို ပုဂံခေတ်က “တပေါင်လ”ဟူ၍ ရှေ့စီးမပါဘဲရေးခဲ့ကြသည်။ “ပူပြင်းခြင်”အနက်ကိုဟောရာ “တ” ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာပြီး “တပ”မှ တပေါင်း ဖြစ်လာသည်ဟုဆိုကြသည်။ အချို့ကလည်း ထန်းလုပ်ငန်းကို အစွဲပြု၍ “ထန်းပေါင်းလ”ဟုဆိုကြသည်။ မည်သို့ ပင်ဆိုစေကာမူ “ဆော်သက်သေ၊ ရော်ရွက်ကြွေ မြေပေါ်ခပါတဲ့၊ နွေလ မပြောင်း၊ ပြာနုငယ်ကြည်၊ ကာဠုထေရ် ဂါထာစီတဲ့၊ ရာသီမိန်ချိန်သမယမှာ လွမ်းလှတပေါင်း”ဟူသော စာချိုးလေးနှင့်အညီ ရွက်ဟောင်းမြည့်၍ ရွက်သစ်ဝေသော လွမ်းမောဖွယ်ကောင်းသည့် လပင်ဖြစ်သည်။ တပေါင်းလရာသီမှာ မိန်ရာသီဖြစ်သည်။ ဥတ္တရဘရဂုဏ္ဏ နက္ခတ်သည် လမင်းသော်တာနှင့် ယှဉ်ပြိုင်ပြီး ထွက်ပေါ်လာသည်။ ရာသီပန်းကား သရဖီပန်းဖြစ်သည်။ ရှေးစာဆိုတစ်ဦးကလည်း “မိန်တပေါင်း ညှာညောင်းလို့ ရွက်ကြွေ၊ ပြုဗ္ဗာ ဘရဂုဏ္ဏနှင့် ရာသီမှာ ရွှေဖီဆန်းတယ်၊ ပန်းမြဝတ်ရွှေ၊ ငါးကြင်းရုပ်ကိုဖြင့်၊ သွင်းလုပ်ကာပွေလီလို့ ဝေစီစီစေတီပွဲမှာ နွှဲကြတဲ့ကျက်သရေ၊ မေ့ချေဘူးနေ့တိုင်း” ဟူ၍စပ်ဆိုပြီး တပေါင်းလ၏ ရာသီအခါ၊ ရာသီရုပ်၊ စန်းယှဉ်နက္ခတ်၊ ရာသီပန်းနှင့် ရာသီပွဲများကို မှတ်တမ်းတင်ခဲ့သည်။
တစ်ဆယ့်နှစ်လတွင် တပေါင်းလသည် သာယာဆုံးအခေါင်အမှူးဖြစ်ရုံမျှမက အသက်ကြီးဆုံး နောင်တော်ကြီး လည်းဖြစ်၍ ‘တပေါင်းသာခေါင် လများနောင်’ ဟူ၍လည်းကောင်း၊ ကြင်သူနှင့် ဝေးသူတို့ လွမ်းဆွေးရတဲ့ရာသီမို့ ‘မြိုင်ခွင်တစ်ကြော၊ ဥသြရင့်ကြွေး၊ ကျူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ အူသည်းညှာတွင်၊ ကြွေရှာလုဖွယ်’ ဟူ၍လည်းကောင်း၊ ဤလရာသီသည် သာယာလွန်းလှ၍ ‘ရသေ့သူတော်စင် ပင်၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတဲ့ ရာသီ’ ဟူ၍လည်းကောင်း စသဖြင့်ဖွဲ့ဆို ကြ၏။ မြတ်စွာဘုရားသည်ပင် ရတနသုတ်ပရိတ်တွင် ဝနပ္ပဂုမ္ဗေဂါထာဖြင့် တပေါင်း၊ တန်ခူး၏သာယာပုံကို ဥပမာပေးဟောကြားတော်မူသည်။
တပေါင်းလပြည့် ပြည်တော်ဝင်နေ့
မြန်မာပြက္ခဒိန်မှ လပြည့်ရက်တိုင်းသည် နေ့ထူးနေ့မြတ်များဖြစ်ပြီး သာသနာ့ပွဲ၊ ရိုးရာဓလေ့ပွဲ၊ ပျော်ပွဲရွှင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ တပေါင်းလပြည့်နေ့ကို “ပြည်တော်ဝင်သောနေ့”ဟု ခေါ်ဆိုကြသည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးလျက် အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒါယကာ ဒါယိကာမများအား တရားရေအေး တိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ် တစ်ယောက်အား အခြွေအရံတစ်ထောင်နှင့်အတူ စေလွှတ်၍ပင့်ခိုင်း၏။ ထိုအမတ်သည် မြတ်ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာယူပြီး အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါ ဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်အမတ်တို့ကို အခြွေအရံ တစ်ထောင်စီဖြင့် ကိုးကြိမ်တိုင်အောင်စေလွှတ်ခဲ့သည်။ သို့သော်အားလုံး ရဟန်းပြု၍ နေကြပြန်သည်။ ကိုးခေါက်ရှိခဲ့သော်လည်း ဘုရားမြတ်စွာထံမှ တရားနာယူ၊ ရဟန္တာဖြစ်ကြ၍ အရဟတ္တ ဖိုလ်ချမ်းသာခံစားကြလျက် လူ့ကိစ္စကိုလျစ်လျူရှုပြီး တစ်ဦးတစ်ယောက်မျှ ပြန်မလာကြတော့ပေ။
“ချစ်သည်လွန်းကျူး၊ ငါ့သားဦးကို၊ ကျွန်မှူးကိုးယောက်၊ ကိုးထောက်မြောက်လျှင်၊ ကိုးခေါက်မင်းစေ၊ ပင့်ရလေလည်း၊ ပရမေမှန်ကင်း၊ လူသနင်းလျှင်၊ သံညင်းမိန့်ခြွေ၊ ဟောတုံပေက၊ ကျွတ်လေသည်သာ မပြန်လာတည်း”ဟု သုဒ္ဓေါဒနမင်းကြီးလည်း သားတော်ဘုရားအား တမ်းတ၍ညှိုးငယ်နေရသည်။ ထို့ကြောင့် ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်ခဲ့သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါ တွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ဖွဲ့နွဲ့ကာ ကပိလဝတ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံလျက် တပေါင်းလပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့သည်။ တပေါင်းလပြည့် နေ့သည် ဘုရားရှင်ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ ပြည်တော် ဝင်နေ့ဟုခေါ်ဆိုကြသည်။
အဖေများနေ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀ဝ၀ ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ်တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။ ဗုဒ္ဓဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။ ယသောဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း မြတ်စွာဘုရားက ဟောတော်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြု ဖြစ်သည်။ သားတော်ရာဟုလာ သာမဏေဘဝသို့ရောက်ရှိသည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်း ဘောင်သို့ရောက်ရှိသည်။ ဆွေမျိုးတို့ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။ ဖခမည်းတော်အား တရားဖြင့် ကျေးဇူး ဆပ်ခြင်းကြောင့် တပေါင်းလပြည့်နေ့ကို “အဖေများနေ့” ဟု သတ်မှတ်ကြခြင်း လည်းဖြစ်ပေမည်။
သဲပုံစေတီပွဲ
ဝသဘမထေရ်လောင်းလျာသည် ဗုဒ္ဓကင်းဆိတ်ရာ သာသနာပကာလတွင် ဈာန်အဘိညာဉ်ရ ရသေ့ဝတ်ဘဝဖြင့် ဟိမဝန္တာတောင်၏အနီး သမဂ္ဂတောင် ခြေ သင်္ခမ်းကျောင်း၌ တပည့်တစ်သောင်း လေးထောင်ကို ဆုံးမသြဝါဒပေးလျက် သီတင်းသုံး နေထိုင်တော်မူသည်။ တစ်နေ့သ၌ “ငါ့ကို လူများစွာက ပူဇော် ကြ၏၊ ငါ့မှာတော့ ပူဇော်ဖို့ရာ တစ်စုံ တစ်ရာမျှပင်မရှိ၊ ငါ့အားပြောဆိုဆုံးမ မည့်သူမရှိ၊ ဆရာမဲ့စွာနေရ၏၊ အလေး အမြတ်ပြုစရာမရှိဘဲ နေထိုင်ရခြင်းသည် အကျိုးမဲ့လှ၏။ မြတ်နိုးဖွယ်ရာ၊ အလေး အမြတ်ပြုရာဆရာနှင့် အတူနေသင့်၏” ဟု ကြံတွေးလျက် ကျောင်းသင်္ခမ်း၏အနီး အမရိကမြစ်ကမ်းမှ သန့်ရှင်းသောသဲများ ကို သယ်ဆောင်လျက် မွေ့ပျော်ဖွယ် ကောင်းသောကမ်းစပ်တွင် ဘဝခပ်သိမ်း တို့၏အဆုံးကို ပြုတော်မူပြီးကုန်သော ဘုရားရှင်တို့ကို နိမိတ်(အာရုံ)ယူနိုင်ရန် သဲပုံစေတီတည်ပြီး ရွှေရောင်အဆင်းဖြင့် ဖန်ဆင်းထား၏။
နေ့စဉ် ပန်းများစွာဖြင့် ပူဇော်ခြင်း၊ နံနက်၊ ည တစ်နေ့နှစ်ကြိမ် သဲပုံစေတီတော်အား သက်တော်ထင်ရှားဘုရားရှင် ထံမှောက် ရောက်ရှိနေဘိအလား ရှိခိုး ခြင်း၊ ကာမဂုဏ်ကိုမှီ၍ ကိလေသာ အတွေးများ တွေးမိက ဘုရားကို အမှီပြုနေသောငါ့အား ဤကဲ့သို့ ကိလေသာ စိတ်ကူးခြင်းသည် မသင့်ဟု ယုတ်ညံ့ သောအတွေးကို ဖျက်ဆီးပစ်ခြင်းဖြင့် အသက်ထက်ဆုံး နေထိုင်သွား၏။ ထိုကုသိုလ်ဖြင့် ဘဝကောင်းဂတိကောင်း တို့၌ အထက်ကျစွာဖြစ်ရပြီး ဂေါတမ မြတ်ဗုဒ္ဓလက်ထက် ဥပုသ်နေ့တွင် ရွှေစေတီကို ဖူးမြင်ရ၍ အတိတ်ဘဝက သဲပုံစေတီကို အမှတ်ရကာ တစ်ထိုင် တည်း ဝိပဿနာရှုပွား၍ ခုနစ်နှစ်အရွယ် မျှဖြင့် ရဟန္တာဖြစ်ခဲ့ပေသည်။ ဤ အကြောင်းအရာကို အခြေပြု၍ ယနေ့ ထိတိုင် “သဲပုံစေတီပွဲ”ကို ကျင်းပလေ့ရှိ ကြသည်။ “မာသခါကောင်း၊ လတပေါင်း ဟု၊ မနှောင်းစေရ၊ ကမ်းသောင်စတွင်၊ မြူလွစီစီ၊ သဲစေတီကို၊ ပြုညီတင်ထား၊ ညွတ်တွားကြည်လင်၊ ရှိစုံစင်လျက်၊ သဘင်ပျော်မြဲ ရာသီပွဲ”ဟူ၍ စာဆိုဦးယာ က ရေးဖွဲ့ခဲ့သည်။
မြန်မာဝေါဟာရအရ စေတီသည် ပါဠိဝေါဟာရ “စေတိယ”မှ ဆင်းသက်လာ ပြီး မြန်မာအဘိဓာန်တွင် စေတီကို ရိုသေပူဇော်အပ်သည့်အရာ၊ ဓာတ်တော် မွေတော်တို့ကို ဌာပနာထားသော အဆောက်အအုံဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထို့အတူသဲပုံစေတီကို ခွေအဆင့်ဆင့်ခံ၍သဲဖြင့် တည်ထားသောစေတီဟု အနက်ဖွင့်သည်။ စေတီတော်လေးမျိုးဖြစ်သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီနှင့် ဥဒ္ဒိသစေတီတို့အနက် သဲပုံစေတီသည် မြတ်စွာဘုရားရှင်ကို ရည်မှတ်ရှိခိုးပူဇော်ရန် တည်ထားကိုးကွယ်သည့် ဥဒ္ဒိသစေတီဖြစ်သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်အား ရည်မှန်းဦးခိုက်၍ မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းတွင် လေ့လာတွေ့ရှိရသည်။
ဒါနမြိုင်စွ တပေါင်းလ
တပေါင်းလပြည့်နေ့တွင် မြစ်၊ ချောင်းအနီးနားတွင်ရှိသော အရပ်ဒေသများ၌ သဲပုံစေတီပွဲကျင်းပသကဲ့သို့ တခြားသော အနယ်နယ်အရပ်ရပ်တွင်လည်း ဘုရားပွဲများ၊ ထီးတော်တင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ကြခြင်းပင်ဖြစ်သည်။ တောင်သူလယ်သမား အားလပ်ရက်ဖြစ်သောကြောင့် ကျေးလက်ဒေသများ တွင် အလှူတော်မင်္ဂလာပွဲများကိုလည်း ခြိမ့်ခြိမ့်သဲကျင်းပကြသည်။ ထို့ကြောင့် ပင် အခါကောင်းသည့် လတပေါင်းဟူ၍လည်းကောင်း၊ တပေါင်းလပြည့် အခါ မင်္ဂလာဟုလည်းကောင်း ရှေးလူကြီးများက တင်စားကြခြင်းဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် သီတင်းသီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုခြင်း တို့ဖြင့် ကုသိုလ်တရားပွားများနိုင်ကြပါစေကြောင်း၊ မြန်မာပြည်ကြီး သာသနာ တန်ခိုးဖြင့် အေးချမ်းပါစေကြောင်း ဆုမွန်ကောင်းများ ပို့သလျက်ရေးသား လိုက်ရပေသည်။
ကိုးကားချက် -
မြန်မာ့စွယ်စုံကျမ်းအတွဲ(၄)