ရန်ကုန်  ၂၀ မတ် 

တပေါင်းလကို ``နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း´´ဟု ဆိုစမှတ်ပြုကြလေ သည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်ကာသစ်ပင်များသည် ရွက်ဟောင်း များစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများပေါ်ထွက်လာ ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။

``တပေါင်းသာခေါင်လများနောင်´´ဟူသောဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ ရှိပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြသည်။

33

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၅ နာရီတွင် စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်း များက ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

44

ထို့နောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ရေစက်ချပွဲအခမ်းအနားကိုချမ်းသာကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် ဇနီး၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင် များက နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ရန်ကင်းမြို့နယ် ကျိုက်ပိကျောင်းမဟာဓမ္မိကာပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရ ဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏေသန ထံမှ ကိုးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

222

 

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဒွိပိဋကဓရ ပါဠိပါရဂူရွှေပြည်သာမြို့နယ် ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနာဂီ တထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များကလှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

0624

ထို့နောက် စေတီတော်ရင်ပြင် ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအားတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များကနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အနယ်နယ် အရပ်ရပ်ရှိ စေတီတော်များတွင် ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်