နေပြည်တော် ၂၀ မတ်
တပေါင်းလကို စာဆိုတော်များက “နွေဦးဆန်းစ တပေါင်းလ” ဟု ဆိုကြ သည်နှင့်အညီ အေးချမ်းသည့် ဆောင်းရာသီကာလ ကုန်ဆုံးပြီးနောက်ပူပြင်းသည့် နွေဦးကာလသို့ စတင်ရောက်ရှိပြီဖြစ်သည်။ နွေဦးကာလ သို့ရောက်သည်နှင့် မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာ လူထုယဉ်ကျေးမှုများလည်း ပေါ်ပေါက်လာပါသည်။
ကျောင်းပိတ်ရာ သီကာလ ပူပြင်းသော နွေကာလသို့ရောက်သည်နှင့်ရပ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်းတွင် အလှူမင်္ဂလာမှ ပွဲသံများကြားလာရပါသည်။ ယင်းတို့သည် ကောင်းမွန်သော မြန်မာတို့၏ လူထုယဉ်ကျေးမှု ဖြစ်သည်။ တပေါင်းလသည် မိန်ရာ သီဖြစ်ပြီး အင်ကြင်းပန်း၊ သရဖီပန်းတို့ပွင့်သောလ ဖြစ်သည်။ ရှေးက သဲပုံစေတီပွဲ ပူဇော်ကျင်းပကြပြီး ယခုအခါ တိမ်မြုပ်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မြန်မာတို့သည် တပေါင်းလကို လများ၏သခင်ဟု အထွတ်တင်သကဲ့သို့ ရှေးစာဆိုတို့က ဝသန္တရတုတို့၏ ရတုဘုရင်ဟု ဆိုကြသည်။ တပေါင်းလတွင်ပွင့်သော အင်ကြင်းပန်းမှာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်လေးနက်သောပန်း ဖြစ်သည်။ အကြောင်းကား ဗုဒ္ဓမြတ်စွာဘုရား စတင်ဖွားမြင်တော်မူရာနှင့် အဆုံးသတ် ပရိနိဗ္ဗာန် စံဝင်တော်မူရာ နေရာသည် အင်ကြင်းတော ဖြစ်သည်။
မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာရေးပွဲတော်များ၊ ဘာသာရေးအထိမ်းအမှတ်များ အသီးသီးရှိကြသည့်အနက် တပေါင်းလပြည့်နေ့၏ ထူးခြားသော နေ့ထူးနေ့မြတ်တစ်နေ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး မှအစ အမှူးပြုသည့် ဘုရားစေတီတော်မြတ်များတွင် ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပကြခြင်းဖြစ်သည်။ ထိုတွင် တိမ်မြုပ်နေသော မမေ့အပ်သည့် နေ့ထူးတစ်နေ့ကိုလည်း သတိရကြရမည်ဖြစ်သည်။
ထိုနေ့သည်ကား တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါ တော်နေ့ဖြစ်သည်။ တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့သည် ကာဠုဒါယီမထေရ်က မြတ်ဗုဒ္ဓကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာ ဇ် ၁၀၃ ခု၊ တပေါင်းလပြည့်နေ့ ဖြစ်ပါသည်။ ထိုစဉ်က တပေါင်းလသည် မပူလွန်း၊ မအေးလွန်း မျှတသောရာသီဥတုရှိသည့်ကာလ ဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်း၊ တောင်ပန်းတို့ ဖူးပွင့်ဝေဆာ ရောင်စုံဖြာသော သဘာဝအလှများနှင့်ပြည့်စုံသည့် တပေါင်းလသည်ဒေသစာရြွီကချီတော်မူရန် သင့်လျော်ပါကြောင်း လျှောက်ထားခဲ့သည်။
မထေရ်၏လျှောက်ထားချက်ကို မြတ်ဗုဒ္ဓက လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံကာ ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့သည်။ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့်ယူဇနာ ၆၀ ကို ရက်ပေါင်း ၆၀ ကြွချီခဲ့ရာ မဟာသက္ကရာ ဇ် ၁၀၄ ခုကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။ ကပိလဝတ်သည် သာသနာသမိုင်းတွင် တတိယမြောက် သာသနာထွန်းကားရာ မြို့ဖြစ်လာသည်။ ထိုသို့ တပေါင်း လပြည့်နေ့မှအစပြုသည့် သာသနာ့ပြည်တော်ဝင် အခါသမယနေ့ကိုမမေ့မလျော့ အာရုံပြုကြရမည်ဖြစ်သည်။
မြန်မာလူမျိုးများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ကြံ့ခိုင်ကာ အဆင့်အတန်းမြင့်၍ ပွဲလယ်တင့်စေရန်၊ လောကီ လောကုတ္တရာ နှစ်ဌာနစလုံး၌ ကောင်းကျိုးဖြစ်ထွန်းစေရန် လမ်းမှန်ညွှန်ပြပေးသည့် လမ်းပြဓမ္မသည် မြန်မာတို့၏နှလုံးသားထဲသို့ ထိုကဲ့သို့သော ထူးခြားသည့် အခါတော်နေ့များမှတစ်ဆင့် စီးဆင်းဝင်ရောက်စေပါသည်။
အဘိဓမ္မာ အခါတော်နေ့၊ မေတ္တာအခါတော်နေ့များရှိသကဲ့သို့ တပေါင်းလပြည့်နေ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင် အခါတော်နေ့ကိုလည်း မမေ့သင့်ပါချေ။သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ နေ့ထူးတစ်နေ့ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် ဓမ္မရေစီးကြောင်းများ ရှင်သန်စီးဆင်းစေရေးအတွက် မြတ်ဗုဒ္ဓအား ရည်စူး၍ ကုသိုလ်ကောင်းမှုများ ပွားများအားထုတ်ခြင်းဖြင့် မိမိတို့၏ဘဝ အဆင့်ကို မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ