ရန်ကုန် မတ် ၁၃
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ကကြီးမှူး ကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချအခမ်းအနားကို ယနေ့ နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်မုခ်ရှိ အောင်မြေ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချအခမ်းအနား ကိုရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိကစွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယ မင်္ဂလာအနုမောဒနာအား လျှောက်ထားသည်။
ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ.စ.အ ဓမ္မာစရိယဝဋံသကာပါဠိပါရဂူစေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေကြသည်။
ထို့နောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့အတူ ယနေ့တပေါင်းလပြည့်နေ့တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ဝရဒါဌာဓာ တုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင် စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီ တော်ကိုးထပ်ကြီးဘုရားတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများဖြင့် စည်းကားများပြားလျှက်ရှိကြောင်း သိရသည်။
ကိုကိုဇော် (MNA)