မြိတ်  ၂၀  မတ်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကို  လာရောက်ဖူး မြော်သူ ရဟန်း/ရှင်/လူ ပြည်သူအများ  ကြည်ညိုသဒ္ဒါပွားများစေရန် ရည်ရွယ်၍ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး စေတီတော်ကြီးနှင့်အတူ အရံစေတီ(၄)ဆူကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ရာ တပေါင်းလပြည့်နေ့ မတ်(၂၀)ရက် နံနက်(၉)နာရီက စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၌ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်အတူ ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း ရေစက်ချအလှူတော် မင်္ဂလာကို ကျင်းပခဲ့ကြောင်း သိရသည်။

2

စေတီတော်ကြီးကို (၁၉၉၀ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ) မြိတ်မြို့သူမြို့သားများနှင့် စေတနာရှင်များက အံမခန်းလောက်သည့်သဒ္ဒါတရားဖြင့် ရွှေသင်္ကန်းတော်ညိုးမှန်ခြင်းမရှိရလေအောင် ရွှေချိန်(၁၈၈၂)ကျပ်လှူဒါန်း ခဲ့ကြရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ (၉)လက်မပတ်လည် ရွှေပြားများခတ်၍ ရွှေသားအစစ် ရွှေသင်္ကန်း တော်ကို ငှက်ပျောဖူး၊ ကြာမှောက်ကြာလှန်မှ ပထမဖောင်းရစ်အထိ ကပ်လှူပူဇော်နိုင်ခဲ့ပြီး ယခုနှစ်တွင် စေတရှင် အလှူရှင်များ လှူဒါန်းသည့် (၉)လက်မပတ်လည်(၂)ကျပ်သား ရွှေစင်ရွှေပြားများကို (၄၃)ပြား (၈၆) ကျပ်သားကို ဆက်လက်ကပ်လှူမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှသိရသည်။

1

ထို့အတူ စေတီတော်ကြီးနှင့်အတူ အရံစေတီလေးဆူကိုလည်း  စေတနာရှင်များ ကုသိုလ်ပါဝင် လှူဒါန်း မှုများဖြင့် ရွှေဆိုင်း(၅၅၀ဝ)ကျော်ကို  လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့လျက်ရှိရာ  တပေါင်းလပြည့်နေ့ ၌ ဗုဒ္ဓပူဇနိယပွဲတော်တွင် စေတီတော်ကြီးအတွက် ရွှေစင်ရွှေပြားများကို အလှူရှင်များကိုယ်တိုင် သြဝါဒစရိယ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

3

ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း ရေစက်ချအလှူတော်မင်္ဂလာတွင် စေတနာ ရှင်အလှူရှင်များက စေတီတော်သြဝါဒစရိယ  ဘဒ္ဒန္တ ကေသရ ဘုရားကိုင်ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး အနုမောဒနာတရားနာယူ၍ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ 

5

ထိုနောက် လှူဒါန်းထားသည့် ရွှေစင်ရွှေပြားများကို စေတနာရှင် အလှူရှင်များကိုယ်တိုင် ကိုင်ဆောင်၍ စေတီတော်အား လက်ယာရစ် တစ်ပတ်ပတ်ပြီး ရွှေစင်ရွှေပြားများကို စေတီတော်ကြီးပေါ်သို့ ပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ကြသည်။ လေးကျွန်းဆီမီးစေတီတော်ကြီးကို စတိန်ဆရာတော်ဘုရားကြီး ဦးဇာဂရအား အမှူး ထား၍  မြို့မိမြို့ဖများက ဘုရားဓာတ်တော်(၃)ဆူ ဌာပနာ၍ သက္ကရာဇ်(၁၀၉၃)ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး  ဉာဏ်တော်အမြင့်မှာ (၈၂)ပေ(၉)လက်မရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

6