မန္တလေး မတ် ၁၃

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်နေ့ထူးနေ့မြတ်များတွင် အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုကြသူများ၊  စတုဒိသာကျေးမွေးလှူဒါန်းကြသူများ၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်များသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ မန္တလေးမြို့ရှိ ဒေသခံပြည်သူများသည် မဟာမုနိဘုရားကြီးသို့ ဉီးခိုက်ပူဇော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြကာ မြို့တွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ဘုရားနီဘုရားတို့တွင်လည်း ကုသိုလ်ပြုဆုတောင်းသူများဖြင့်လည်းကောင်း ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများနေကြသူများဖြင့်လည်းကောင်း စည်ကား လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရားနှင့် အနီးပတ်ဝန်းကျင် ရှိ  စေတီပုထိုးများ၌လည်း ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပလျက်ရှိရာ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မန္တလေးမြို့ဒေသခံ ကိုမင်းစိုးက “ဒီလမှာ တပေါင်းလပြည့်နေ့အပါအဝင် အစိုးရရုံးပိတ်ရက် ၅ ရက် ဖြစ်တဲ့အတွက် ကျွန်တော်တို့လို ဝန်ထမ်းတွေ အပန်းဖြေလည်ပတ်ဖို့ အချိန်တွေအများကြီးရရှိခဲ့ပါတယ်၊ ဒီနေ့တပေါင်းလပြည့်နေ့မှာလည်း မန္တလေးမြို့က အထင်ကရ ဘုရားတွေကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်၊ နေ့လယ်ကျရင်တော့ သမိုင်းဝင်ရွှေစာရံဘုရားပွဲ‌တော်ကို မိသားစုနဲ့အတူတူသွားပြီး ဘုရားဖူးမယ်။ ဒုဌဝတီမြစ်ထဲမှာ လှေစီးမယ်။ ပြီးရင် ရေကစားမယ်” ဟုပြောသည်။ 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် သစ္စာအဓိဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မန္တလေးမြို့သူ၊ မြို့သားများ နှင့်အနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက်ဆင်နွှဲကြသည့်အပြင် အနီးပတ်ဝန်းကျင် ရှမ်းကုန်းမြေမြင့်မှ ရှမ်းတိုင်းရင်းသားများလည်းလာရောက်ပါဝင်ဆင်နွှဲကြသည့် အထူးစည်ကားလှသော ပွဲတော်ကြီးတစ်ခုဖြစ်သည်။

အဆိုပါဘုရားပွဲတော်တွင်၊ တောင်ပေါ်၊ မြေပြန့်ဒေသထွက် စားသောက်ကုန်များ၊ မြန်မာ့ချည်ထည်ဝတ်စုံ၊ အထည်အမျိုးမျိုး၊ ကျေးလက်ဒေသထွက်ကုန်သီးနှံများ၊ ဆေးဖက်ဝင်အပင်များ၊ အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့မုန့်အမျိုးမျိုးနှင့် အမှတ်တရပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများအပြင် အပန်းဖြေအနားယူနိုင်မည့် ‌အေးချမ်းသာယာသည့် ဒုဌဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း