တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့မည့် ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာ

ကလျာမိုးမြင့်

ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ် လောင်းတွေရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေမှုဟာ ပါလီမန် လွှတ်တော်အတွင်း ဒုတိယအကျော့ မဲပေးပြီးနောက်မှာ နောက်တစ်ဆင့်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရမည်

ပါလီမန်လွှတ်တော်အတွင်းမှာ ကွန်ဆာဗေးတစ် အစိုးရ အဖွဲ့ဝင်တွေစုပေါင်း၍ လျှို့ဝှက်မဲပေးကြမှာ ဖြစ်ပါတယ်။ ဆန်ခါတင်ကျန်ရှိနေတဲ့ ကိုယ်စားလှယ် ခြောက်ဦးအနေနဲ့ ဒီအဆင့်မှာ ထောက်ခံမဲ ၃၃ မဲထက် မနည်းရရှိဖို့ ကြာမြင့်နေမယ်၊ ဒါမှမဟုတ် အဲဒီအရေအတွက်ကို မရရှိခဲ့ဘူးဆိုရင် ယှဉ်ပြိုင်မှုကနေ ထုတ်ပယ်ခံရမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဆက်လက်ကျန်ရှိနေသူတွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ကောင်မှာ ဇွန် ၁၈ ရက် ညနေခင်းမှာ ပြုလုပ်မယ့် စကားရည်လုပွဲမှာပါဝင်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အခု သီတင်းပတ်အကုန်လောက်မှာ နောက်ထပ်မဲခွဲဆုံးဖြတ်မှု ပြုလုပ်ဖို့ရှိနေပြီး အဲဒီမဲပေးမှုမှာ မဲအနည်းဆုံးရရှိတဲ့ ပါလီမန်အဖွဲ့ဝင်က နှုတ်ဆက်ထွက်ခွာရမှာဖြစ်ပြီး နောက်ဆုံး ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းနှစ်ဦးသာ ကျန်ရှိတော့မှာပါ။

အလားအလာကောင်းနေ

နောက်ဆုံးကျန်ရှိတဲ့ ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့ အမည်ကို လာမယ့် ဇွန် ၂၂ ရက်ကစပြီး ကွန်ဆာဗေးတစ် ပါတီဝင် ၁၆၀ဝဝဝ တို့က စာပို့စနစ်နဲ့ နောက်ထပ် မဲပေးကြ ဦးမှာဖြစ်ပါတယ်။ မဲပေးပြီးနောက် ရက်သတ္တလေးပတ်ခန့်အကြာမှာ အနိုင်ရရှိသူကို ကြေညာသွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုလအစောပိုင်းမှာ မဲအရေအတွက် ၁၁၄ မဲနဲ့ အများဆုံးထောက်ခံမှုရရှိခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ဟာပြိုင်ပွဲအတွင်းမှာ ရှေ့ဆုံးကပြေးနေသူအဖြစ်နဲ့ အလားအလာကောင်းနေဆဲဖြစ်ပါတယ်။

နောက်တစ်ဆင့်တက်ဖို့ ယုံကြည်ချက်ကိုယ်စီ

လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်ကတော့ မဲအရေအတွက် ၄၃ မဲနဲ့ ဒုတိယနေရာရရှိထားချိန် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးမိုက်ကယ်ဂုဖ်ကတော့ ၃၇ မဲနဲ့ တတိယ လိုက်နေပါတယ်။ ၎င်းတို့ကိုထောက်ခံသူတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် လာမယ့် ဇွန် ၁၉ ရက်မှာ နောက်တစ်ဆင့်မဲပေးမှုဆီ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ထောက်ခံမဲ ၂၇ မဲ ရရှိထားတဲ့ ဘရီးဇစ်အတွင်းဝန်ဟောင်း ဒိုမီနစ်ရက်ဘ်နဲ့ ၂၃ မဲရရှိထားတဲ့ ပြည်ထဲရေးဝန်ကြီး ဆာအစ်ဂျာဗစ်တို့ကလည်း နောက်တစ်ကျော့ဆီ တက်လှမ်းနိုင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မဲဆွယ်စည်းရုံး

ပထမအဆင့်မဲပေးပွဲမှာ ထောက်ခံမဲ ၁၉ မဲသာရရှိခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရော်ရီစတီးဝပ်က ပြိုင်ပွဲအတွင်းမှာ ဆက်လက်ပါဝင်နိုင်ဖို့ လိုအပ်နေတဲ့ ထောက်ခံသူ ၃၃ ဦး ၎င်းမှာရှိနေတယ်။ သူတို့ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်ကြမယ်ဆိုရင်ပေါ့လို့ ပြောခဲ့ပါတယ်။ ဆန်ခါတင်ကျန်ရစ်နေတဲ့ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်တွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့မည့် ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာအနက် လက်ရှိ နံပါတ်ခြောက်နေရာမှာရှိနေတဲ့ မစ္စတာ စတီးဝပ်ဟာ ဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီး ဒေးဗစ်လီဒင်တန်ရဲ့ ထောက်ခံပေးမှုနဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ညနေပိုင်းမှာ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ပြီး တိုးတက်မှုရှိအောင် ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ဆန္ဒပြင်းပြ

ပြီးခဲ့တဲ့ရက်သတ္တပတ် မဲပေးမှုမှာ မက်ဟန်ကော့ထွက်မသွား မီ ၎င်းကို ထောက်ခံပေးခဲ့တဲ့ မစ္စတာလီဒင်တန်က မစ္စတာ စတီးဝပ်အတွက် မဲဆွယ်စည်းရုံးရေးလုပ်တဲ့ လူထုစုဝေးမှုအတွင်းမှာ လူထုကိုပြောကြားခဲ့တာကတော့ ဗြိတိန်နိုင်ငံအတွင်းမှာ ပြည်သူတွေဆီ ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိအောင် ပြောဆိုမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဆန္ဒပြင်းပြစွာလိုလားနေတယ်လို့ ၎င်းက ချီတက်စုဝေးသူတွေကို ပြောခဲ့ပါတယ်။ မစ္စတာရော်ရီစတီးဝပ်အနေနဲ့ ၎င်းရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုအတွင်း လုပ်ဆောင်ခဲ့တာကတော့ ၎င်းဦးဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ ဒီနိုင်ငံအတွင်းမှာ ၎င်းနဲ့၎င်းရဲ့ပါတီအတွက် မသွားရတဲ့ ဧရိယာမရှိဘူးဆိုတာကို ဖော်ထုတ်ပြသဖို့ ဖြစ်ပါ တယ်။

ပွင့်လင်းမြင်သာမှုနည်း

နေနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဘောရစ်ဂျွန်ဆင်အနေနဲ့ မဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာ သတင်းမီဒီယာနဲ့ပတ်သက်လာရင် ၎င်းအနေနဲ့ ပွင့်လင်းမြင်သာမှု သိပ်မရှိတာ (မေးခွန်းများကို ရှောင်လွှဲခြင်းနဲ့ တုံ့ပြန်မှုမရှိခြင်း) က ၎င်းရဲ့ ယှဉ်ပြိုင်ဘက်တွေနဲ့ ၎င်းတို့ကို ထောက်ခံသူတွေဆီကနေ ဝေဖန်မှုတွေ ထွက်ပေါ်လာစေတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ၎င်းကို ထောက်ခံသူတွေက အားမလို အားမရဖြစ်နေပြီး ဝန်ကြီးချုပ်နေရာ ပြိုင်နေကြတာချင်း အတူတူ မီဒီယာတွေကို ရှောင်မနေဘဲ မေးခွန်းတွေ ဖြေကြားဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ ဒီလိုရှိပေမယ့်လည်း တနင်္လာနေ့မှာတော့ ၎င်းက နောက်ထပ် အစိုးရအဖွဲ့ ထောက်ခံမှုတစ်ခုကို ဖမ်းဆုပ်ထားနိုင်ခဲ့ပြန်ပါပြီ။ ဒီအချိန်မှာ မစ္စတာ ဟန်ကော့က မစ္စတာဘောရစ်ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ်ပါတီကို ပြန်လည်ပေါင်းစည်းပေးမယ့် အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်တယ်လို့ ၎င်းဘက်က ထောက်ခံစကားပြောခဲ့ပါတယ်။

နီးစပ်နေသူ

လန်ဒန်မြို့တော်ဝန်ဟောင်း ကွန်ဆာဗေးတစ်နိုင်ငံရေးသမား ဘောရစ်ဂျွန်ဆင်ဟာ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး (ဘရီးဇစ်) ကို လိုလားတဲ့သူတွေရဲ့ ထောက်ခံမှု ရရှိထားတဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံနိုင်ဖို့ နီးစပ်နေတဲ့သူအဖြစ် တွေ့မြင်နေရပါတယ်။ ကွန်ဆာဗေးတစ်ခေါင်းဆောင် ရာထူးကနေ ဆင်းသွားပြီ ဖြစ်ပေမယ့်လည်း ပါတီခေါင်းဆောင်နေရာအတွက် သင့်လျော်တဲ့သူကို ပါတီက ရွေးကောက်တင်မြှောက်မှု မပြီးမချင်း ဝန်ကြီးချုပ်အဖြစ် ထရီဆာမေက ဆက်လက်တာဝန်ယူသွားဦးမှာဖြစ်ပါတယ်။

နုတ်ထွက်ရေး အတိအလင်းကြေညာ

မစ္စတာဂျွန်ဆင်ဟာ ဥရောပသမဂ္ဂနဲ့ ဘာသဘောတူညီချက်မှ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂရုစိုက်နေမှာမဟုတ်ဘဲ အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး ဗြိတိန်နုတ်ထွက်မယ်လို့ အတိအလင်း ကြေညာထားသူဖြစ်ပါတယ်။ ဒီတော့ ခွဲထွက်ရေးကို ထောက်ခံတဲ့သူတွေက မစ္စတာဂျွန်ဆင်ဘက်ကနေ တစ်ခဲနက် ရပ်တည်နေပါတယ်။ ၎င်းကို ဘရီးဇစ်အရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မယ့်သူအဖြစ်လည်း ဖော်ပြနေကြပါတယ်။

လူထုကို တိုက်တွန်း

မဲဆွယ်စည်းရုံးမှုအတွင်းမှာ မစ္စတာဂျွန်ဆင်က ၎င်းအနေနဲ့ လန်ဒန်မြို့တော်ဝန် ဖြစ်ခဲ့စဉ်အတွင်း ၎င်းရဲ့ ညီညွတ်တဲ့ အဖွဲ့နဲ့အတူ ပေးထားတဲ့ကတိတွေအတိုင်း တည်အောင်နေခဲ့ပြီး လူတိုင်းအတွက် အကျိုးဆောင်ခဲ့တယ်။ ရာဇဝတ်မှုတွေကို လျှော့ချခဲ့တယ်၊ အခွန်တွေလျှော့ပေါ့ပေးခဲ့တယ်။ အခြေခံ အဆောက်အအုံတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့တယ်။ လူနေမှုဘဝတွေကိုမြှင့်တင်ပေးခဲ့တယ်။ လေထုအရည်အသွေး တိုးတက်အောင်ကြိုးပမ်းခဲ့ပြီး တန်ဖိုးသင့်အိမ်ရာတွေ ပိုမိုတည်ဆောက်ပေးခဲ့တယ်လို့ ၎င်းလုပ်ဆောင်ခဲ့တာတွေကို ဖော်ပြခဲ့ပြီး လူထုကို ဆွဲဆောင်စည်းရုံးလျက် ရှိပါတယ်။ လန်ဒန်မှာ ယနေ့ ကျွန်ုပ်တို့ရရှိနေတာတွေထက်ပိုပြီးတော့ နိုင်ငံတစ်ခုလုံးအတွက် ဒီထက်မက လုပ်ပေးချင်နေတာတွေ ရှိနေတယ်။ ဒါကြောင့်ကျွန်ုပ်ကို ဝိုင်းဝန်းထောက်ခံကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ၊ ဘီဘီစီ