မန္တလေး ၇ ဖေဖော်ဝါရီ

 

မြန်မာလူမျိုးတို့၏ ၁၂ ရာသီပွဲတော်ဝင် တပို့တွဲလတွင် ထမနဲထိုးပွဲတော်များကို မြန်မာနိုင်ငံအနှံ့အပြား၌ ကျင်းပလေ့ရှိသည့်နည်းတူ မန္တလေးမြို့တွင်လည်း ရိုးရာဓလေ့အဖြစ် ယခုရာသီတွင် ဘုရားရှင်အား ဆက်ကပ်ပူဇော်ရန် တပို့တွဲလဆန်း ၁၄ ရက် ညနေပိုင်းမှစ၍ ထမနဲနှင့် မီးလှုံပူဇော်ခွက် အရောင်းဆိုင်များတွင် ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

တပို့တွဲလရာသီသည် ချမ်းအေးသည့် ကာလဖြစ်သည့်အတွက် ရှေးမြန်မာဘုရင်များလက်ထက်က ဘုရားရှင်အား အနွေးဓာတ်ရရှိစေရန် မြေအိုး၊ မြေခွက်များတွင် သနပ်ခါး၊ နံ့သာတုံးများကို ထင်းအဖြစ်အသုံးပြု၍ မီးကုသိုလ်ပြုကာ မီးဖုန်းပွဲအဖြစ် ပူဇော်ခဲ့ကြပြီး ရာသီစာအဖြစ် အပူဓာတ်များပါဝင်သည့် ကောက်ညှင်းဆန်၊ နှမ်း၊ မြေပဲ၊ အုန်းသီးတို့ဖြင့် ထမနဲထိုးကာ ဆက်ကပ်ခဲ့သည့် အစဉ်အလာကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းသယ်ဆောင်ကာ ကုသိုလ်ပြုလှူဒါန်းကြသည့် ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း သိရဿည်။

 

1

 

“ကျွန်မတို့ အဖိုးအဖွားတွေ လက်ထက်ကတည်းက တပို့တွဲလရာသီရောက်တိုင်း အဖိတ်နေ့ကနေ လပြည့်နေအထိ  ဒီနေရာမှာပဲ ထမနဲနဲ့ မီးပူဇော်ခွက်တွေ ရောင်းချလာတာပါ။ ဒီရာသီမှာ မန္တလေးမြို့ရဲ့ ရိုးရာဓလေ့အဖြစ် ကုသိုလ်ပြုလှူဒါန်းကြဖို့အတွက် အဖိတ်နေ့ ညနေပိုင်းကစပြီး လာရောက်ဝယ်ယူသူတွေနဲ့ စည်ကားနေပါတယ်။ ဘုရားကို ပူဇော်ဖို့ သနပ်ခါးတုံး၊ သစ်သားနဲ့ လုပ်ထားတဲ့ ပုတီးပေါက်၊ အမွှေးနံ့သာအမှုန့်တွေပါဝင်တဲ့ မြေခွက်တစ်ခွက်ကို ငွေ ၁၀၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးပြီး ၂၅ ကျပ်သားရှိတဲ့ ထမနဲတစ်ခုဘူးကို ငွေကျပ် ၂၅၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်”ဟု လမ်း ၃၀ နှင့် ၇၂ လမ်းထောင့်တွင် အဆိုပါပစ္စည်းများ ရောင်းချသည့် ဒေါ်တင်တင်အေးက ပြောသည်။

 

5

 

မန္တလေးမြို့တွင် တပို့တွဲလရာသီကာလ၌ ဒေသခံပြည်သူများသည် တပို့တွဲလဆန်း ၁၄ ရက် ညပိုင်းတွင် မိမိတို့ အိမ်ရှိဘုရားအား မီးကုသိုလ်ပြုလှူဒါန်းကြပြီး လပြည့်နေ့ နံနက် အရုဏ်တက်တွင် ထမနဲဆွမ်းဆက်ကပ်ကာ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်ရင်း ကုသိုလ်ပြုလှူဒါန်းလေ့ရှိကြသည့်အပြင် မဟာမုနိဘုရားကြီးတွင်လည်း အဆိုပါလဆန်း ၁၄ ရက်တွင် ညနေပိုင်း၌ မီးပုံးပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)