တပ်ကုန်း ၁၁ ဩဂုတ်
နေပြည်တော် တပ်ကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းခြင်းနှင့်ငါး ထုတ်လုပ်မှုမြင့်မားလာစေရန် ဆည်နှင့်တာတမံများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီက မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေ ရေလွှဲဆည်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်နီလာကြွယ်၊ ဒုတိုင်းဦးစီးမှူး ဦးဇော်လင်းမြင့်၊ ဒက္ခိဏ၊ ဥတ္တရခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြောက်မြိုက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများကို ငါးသားပေါက်ငယ်များ ထောက်ပံ့ပေး အပ်ပြီးနောက် ဆင်သေရေလွှဲဆည်ထဲသို့ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်း၊ ငါးခုံးမကြီးစုစုပေါင်း ငါးသားပေါက် ၁၅ဝဝဝဝ ကောင်အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆင်သေရေလွှဲဆည်ထဲကို ငါးမျိုးများ လာရောက်စိုက်ထည့်ပေးတဲ့အတွက် ငါးလုပ်ငန်းဦးစီးဌာနကို ကျေးဇူးတင်ပါတယ်၊ ရေလွှဲဆည် အနီးအနားပတ်ဝန်မှာရှိတဲ့ ကျေးရွာ (၆)ရွာခန့်က ငါးရှာဖွေလုပ်ကိုင်သူများ ငါးရှာဖွေခြင်းလုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါတယ်”ဟု မြောက်မြိုက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မြင့် က ပြောပြသည်။
တင်စိုးလွင်(ပြန်ဆက်)