တပ်ကုန်း ၁ ဇူလိုင်        

           

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ကွင်းအမှတ် (၁၄၅၄) တွင် ၂၀၁၈-၂၀၁၉ ခုနှစ်က မိုးစပါးရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က မိုးစပါး ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီးနောက် တောင်သူ ခြောက်ဦး ပိုင်ဆိုင်သည့် စပါးပျက်စီးလယ်မြေဧက  ၂၀  အတွက်  တစ်ဧကလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

 

အဆိုပါပေးအပ်ပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးထွန်းညွန့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည် ဇာဝေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်နန်းတင်စန်း၊ ကင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါး ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများ တက်ရောက်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)