တပ်ကုန်း၊ ၂၆ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို မေ ၂၆ ရက် နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဘဏ်ခွဲတွင် အင်ပင်ကျေးရွာအုပ်စုမှ တောင်သူများအား စတင်ထုတ်ချေးပေးခဲ့သည်။
“ကျွန်မတို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ချေးငွေအနေနဲ့ မိုးရာသီ၊ ဆောင်းရာသီ၊ မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးတဲ့အပြင် JICA two Step Loan ချေးငွေများ၊ MEB two Step Loan ချေးငွေများကိုလည်း ထုတ်ချေးပေးပါတယ်၊ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများမှာလည်း ကျေးရွာအုပ်စု (၅၃)အုပ်စုမှ တောင်သူပေါင်း (၁၂၇၅၀)ဦးကို ၇၄၂၁၁ ဒသမ ၅၀ သိန်း ထုတ်ချေးပေးနိုင်ခဲ့ပါတယ်၊ ယခု ၂၀၂၁ နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၅၃)အုပ်စုမှ တောင်သူတစ်သောင်းကျော်အတွက် ချေးငွေကျပ် ၇၄၆၉၄ ဒသမ ၅၀ သိန်း ထုတ်ချေးပေးရန် လျာထားပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေများ လာရောက်ထုတ်ယူတဲ့အခါ လူစုလူဝေး မဖြစ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တောင်သူများအား ဘဏ်ရုံးဝန်းအဝင် လက်ဆေးရေစင်၌ လက်ဆေးစေရန်၊ နှာခေါင်းစည်းများ တပ်ဆင်လာစေရန်၊ ထိုင်ခုံများ သုံးပေအကွာ စီစဉ်ဆောင်ရွက်ထားတဲ့အပြင် အလှည့်ကျစနစ်နဲ့ စည်းကမ်းတကျ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်နန်းတင်စန်းက ပြောပြသည်။
တပ်ကုန်းမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်ချေးငွေပြေကျေသည့် အင်ပင်ကျေးရွာအုပ်စုမှ တောင်သူပေါင်း (၃၅)ဦးကို စပါးတစ်ဧကလျှင် (၁)သိန်းခွဲနှုန်း၊ အခြား သီးနှံတစ်ဧကလျှင် (၁)သိန်းနှုန်းဖြင့် စတင်ထုတ်ချေးပေးနေပြီး ကျန်ရှိနေသည့် ယခင်နှစ်ချေးငွေ ပြေကျေသော တောင်သူများကို ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်သည်။ ယခင်နှစ်က ချေးငွေများ မကျေသေးသည့် တောင်သူများ လာရောက်ချေးငွေများပေးဆပ်ရန်၊ ချေးငွေပြေကျေသည့် တောင်သူများအတွက် ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ချေးငွေစိစစ်ရေး အတွင်းရေးမှူးများက မြို့နယ်ဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးရန် ဆောင်ရွက်ထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပြန်/ဆက်


