တပ်ကုန်း ၃ အောက်တိုဘာ
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ကြီးကြပ်၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်လွန့်ကျေးရွာအုပ်စုအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းတွင် ရောက်ရှိသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို နှာခေါင်းနှင့် အာခေါင်တို့ဖတ် စစ်ဆေး ခြင်းကို အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ည ၁၀ နာရီခွဲထိ ညောင်လွန့်ကျေးလက် ကျန်းမာရေးဌာန၊ ဆေးခန်းဝန်းတွင် စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ကုန်တင်ယာဉ်(၃၀၀)ကျော်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၆၇၀) တို့ကို နှာခေါင်းနှင့် အာခေါင်တို့ဖတ် စစ်ဆေးပေးခဲ့ရာ ၎င်းစစ်ဆေးချက်အရ ပိုးတွေ့အတည်ပြု လူနာ (၇)ဦးအား နေပြည်တော်ခုတင်(၃၀၀)ဆေးရုံနှင့် အတည်ပြုလူနာဖြင့် ထိတွေ့မိသူ (၆)ဦးကို ဇေယျာသီရိ ခုတင်(၅၀)ဆေးရုံသို့ လူနာတင်ယာဉ်(၃)စီးဖြင့် စနစ်တကျ ပို့ဆောင်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကြောင်းနှင့် COVID-19 ရောဂါ ပိုးမတွေ့ရှိသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ၎င်းတို့၏ ယာဉ်များနှင့်အတူ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထွက်ခွာခွင့် ပြုခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်း၏ ပြောပြချက်အရ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)