တပ်ကုန်း မတ် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံအဖြစ် နေကြာနှင့် ကုလားပဲတို့ကို အဓိကထား၍ စိုက်ပျိုးကြရာ ယခုနှစ်တွင် နေကြာစိုက်ပျိုးသော ကျေးရွာများ နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းမှုကောင်းပြီး အထွက်နှုန်းပိုနိုင်ကြောင်း ညောင်ငါးပင်ကျေးရွာမှ နေကြာစိုက်တောင်သူတစ်ဦးထံက သိရသည်။
ရေဆင်း(၁)နှင့် စပ်မျိုးနေကြာ အစရှိသော နေကြာမျိုးတို့ကိုသာ အဓိကထား၍ စိုက်ကြပြီး နေကြာခင်းများ စိုက်ပျိုးပြီးရက်မှ သုံးလခွဲဝန်းကျင်တွင် ခုတ်သိမ်းရရှိနိုင်မည်ဖြစ်သည်။ နေကြာစိုက်တောင်သူများမှာ စားသုံးဆီရရှိရေးအတွက် အဓိကထားစိုက်ကြပြီး နေကြာအပင်အပွင့်ဖြစ်ထွန်းမှု ကောင်းမွန်ပါ နေကြာစိုက်တစ်ဧကလျှင် တင်း(၂၀)ဝန်းကျင် ထွက်ရှိနိုင်ပြီး ဆီကြိတ်ပါက တစ်တင်းလျှင် ဆီသုံးပိဿာ ဝန်းကျင်ထွက်ရှိကြောင်း သိရသည်။
“ဆည်ရေသောက်ကွင်းဆိုတော့ နေကြာခင်းများ မြေအစိုဓာတ် ကောင်းမွန်စွာရရှိပါတယ်၊ အခုနှစ်မှာ ပိုးမွှားအဖျက်လည်းနည်းပါတယ်၊ ဆောင်းတွင်းစိုက်တာဆိုတော့ ကြက်တူရွေးငှက်တော့ ခြောက်လှန့်ရပါတယ်၊ အပင်အပွင့်ကောင်းအောင်တော့ ဆေးအနည်းငယ်တော့ ဖျန်းရပါတယ်၊ တပေါင်းလထဲမှာ နေကြာပွင့်များ ခုတ်သိမ်းရပါမယ်၊ ဒီနှစ် နေကြာထွက်နှုန်းပိုနိုင်ပါတယ်” ဟု နေကြာစိုက် တောင်သူတစ်ဦးက ပြောသည်။ မြို့နယ်အတွင်း ဆည်ရေသောက်ကွင်း နေကြာစိုက်ပျိုးသော ဒေသများ၌ နေကြာခုတ်သိမ်းပြီးပါက ထယ်ရေးပြင်ကာ ဆည်ရေရရှိမှုအပေါ် မူတည်၍ နွေစပါးစိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


