နေပြည်တော် ဩဂုတ် ၈
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၁၀၂၁၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေး မြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် မနောသုခ၊ ဧရာမင်း၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် GW-11 စပါးမျိုးများ အဓိကထားစိုက်ပျိုးပြီး ဒေသအလိုက် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချ စိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိသည်။
အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မိုးစပါးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိသည့်အပြင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာရရှိရေး အလှည့်ကျစနစ် ပေးဝေခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့် စပါးစိုက်တောင်သူများနှင့် ပူးပေါင်းကာ ကူညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)