နေပြည်တော် ၂၂ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနေမိန္ဒ ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် မေတ္တသုတ်၊ ရတနသုတ် ပရိတ်တရား တော်များကို နာယူကြည်ညိုတော်မူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တအာစိဏ္ဏ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်/ ထိန်းချုပ်/ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၉၈ ပါး၊ သီလရှင် ၉၁ ပါး၊ စုစုပေါင်း ၅၈၉ ပါးတို့အတွက် ဆွမ်းဆန်တော် ၁၁၄ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


