တပ်ကုန်း နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသူများအား နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ဆရာစံရပ်ကွက်၊ မဟာဇနကစာသင်တိုက်တွင် ဆေးထိုးစုရပ်၌ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူပေါင်း(၁၀၇၉၈)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးနောက် ဆရာစံရပ်ကွက်၊ မဟာဇနက စာသင်တိုက်၊ ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးခဲ့သည့် ကျောင်းသား ကျောင်းသူများကို ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်းဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းများက ဒုတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၆၇)ကျောင်းရှိပြီး၊ တစ်နေ့လျှင် ကျောင်းသား ကျောင်းသူဦးရေ (၃၀၀)နှုန်းဖြင့် သတ်မှတ်ရက်ကျောင်းအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


